Yangon Payment Service (YPS) စနစ်အတွက် Pilot Project အနေဖြင့် စမ်းသပ်စစ်ဆေးသူ ၉၅ ဦးဖြင့် စမ်းသပ်စစ်ဆေးသွားမည်

0

Full article

Yangon Payment Service (YPS) စနစ်အတွက် Pilot Project အနေဖြင့် စမ်းသပ်စစ်ဆေးသူ ၉၅ ဦးဖြင့် ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ စမ်းသပ်စစ်ဆေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။

“ဘာကြောင့် Pilot Testing ကိုလုပ်ရသလဲဆိုရင် ဒီကတ်တွေမှာ ငွေရေးကြေးရေးဆိုင်ရာတွေပါလာပါပြီ။  အခုဆို ဒီကတ်တွေကို G&G စတိုးတွေမှာ ငွေဖြည့်မယ်။ ပြီးရင်ဒီကတ်ကိုအသုံးပြုပြီးစီးကြည့်မယ်။ စီးကြည့်တဲ့အခါ ပထမ အရှေ့ပေါက်တက်လာမယ်။ ကတ်ဖြတ်မယ်။ သူကြိုက်တဲ့မှတ်တိုင်တစ်ခုရောက်ရင် ကတ်ဖြတ်ပြီးပြန်ဆင်းမယ်။ ခရီးသည်အတိုင်းပဲ စမ်းသပ်မှုလုပ်နေပါတယ်။ ဘာကြောင့်စမ်းသပ်ရတာလဲဆိုရင် တကယ်အသုံးပြုတဲ့အခါ ပုံစံမျိုးစုံတွေ့ကြုံရနိုင်ပါတယ်။ ခရီးသည်က အကွာအဝေးအမျိုးမျိုးကနေ ကတ်ကိုဖြတ်မယ်။ ပြန်ဆင်းတဲ့အခါ ကတ်ကိုမဖြတ်မိတာမျိုးရှိချင်ရှိမယ်။ အခြေအနေက မျိုးစုံဖြစ်လာနိုင်ပါတယ်။ အဲဒီအခါဖြစ်လာမယ့် ငွေကြေးဖြတ်တောက်မှုတွေ ဒါကိုသိရအောင် စမ်းသပ်ရခြင်းဖြစ်ပါတယ်။ အခုဆို  YBS ယာဉ်တွေပေါ်မှာ YPS Pilot Testing Team ဆိုပြီး စမ်းသပ်နေတဲ့ အင်္ကျီအဝါရောင်ဝတ်ထားတဲ့လူတွေကိုတွေ့ရမှာပါ။ အားလုံး ၉၅ ဦးရှိပါတယ်။ သူတို့ကိုလည်း ယာဉ်လိုင်းပေါ်မှာ စိတ်ကြိုက်စီးနင်းဖို့ဆောင်ရွက်စေပါတယ်။ ပုံစံမျိုးစုံနဲ့စီးနင်းစေပါတယ်။ System Report သာမက Manual report လည်းလိုချင်တဲ့အတွက် ဒီလိုဆောင်ရွက်ရတာပါ။ ဒါတွေကိုကြည့်ပြီး ပြုပြင်စရာရှိတာတွေကို ပြုပြင်သွားမယ်၊ လိုအပ်ချက်တွေကို ဖြေရှင်းသွားမှာပဲဖြစ်ပါတယ်”

ဟု YRTA ၏မန်နေးဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်မှ ပြောကြားခဲ့သည်။

ဆက်လက်ပြီး  အဆိုပါ Pilot Projet မှတစ်ဆင့် ဘဏ်များနှင့်ချိတ်ဆက်မှု၊ ဘဏ်နှင့် ယာဉ်လိုင်းကုမ္ပဏီများချိတ်ဆက်မှု ငွေကြေးကဏ္ဍများကို သိရှိနိုင်မည်ဖြစ်ပြီး အဆိုပါ စမ်းသပ်မှုပြီးစီးပါက ဈေးကွက်အကောင်အထည်ဖော်မှုအားဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို Pilot Project  ကို ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၉ ရက်နေ့အထိဆောင်ရွက်သွားမည်ဖြစ်ပြီး လက်တလောတွင် YBS ယာဉ်စီးရေ ၁,၈၀၉ စီးအား YPS စက်များတပ်ဆင်ပြီးဖြစ်ကြောင်းသိရသည်။

Author