YRTA ၏ ၁.၇ ဧကကျော်ကျယ်ဝန်းသည့် ယာဉ်ရပ်နားကွင်းသစ်ကြီးအား စတင်ဖွင့်လှစ်ခဲ့

0

Full article

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)၏ ယာဉ်ရပ်နားကွင်းသစ် ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ မြေတိုင်းရပ်ကွက်၊ အမှတ် (7 -I ) နံ့သာဖြူလမ်း(မဟာဗန္ဓုလတံတားအောက်)ရှိ အဆိုပါ ယာဉ်ရပ်နားကွင်းသစ် တွင်ကျင်းပခဲ့သည်။


အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ YRTA မှ တာဝန်ရှိသူများ၊ ယာဉ်လိုင်းပိုင်ရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ယာဉ်ရပ်နားကွင်းအသစ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ခဲ့သည်။ အဆိုပါယာဉ်ရပ်နားကွင်းသည် YRTA ၏ ပထမဆုံးတည်ထောင်သော ယာဉ်ရပ်နားကွင်းဖြစ်ပြီး၂၀၁၉ ခုနှစ်အတွင်း တင်ဒါခေါ်ကာ တည်ဆောက်ချိန် ငါးလဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း YRTA ထံမှသိရသည်။ အကျယ်အဝန်းအားဖြင့် ၁.၇ ဧကကျော်ကျယ်ဝန်းပြီး ယာဉ်စီးရေ ၂၀၀ ကျော်ခန့်ရပ်နားနိုင်ကြောင်းသိရသည်။ ကွင်းအတွင်းတွင် ကားရေဆေးရန်နေရာ၊ အသေးစားပြုပြင်နိုင်သောနေရာနှင့် စီမံခန့်ခွဲသည့်ရုံးခန်းလည်း ပါရှိသည်။

“ ယာဉ်တွေကို စနစ်တကျ ရပ်နားဖို့အတွက် ယာဉ်တစ်စီးချင်းစီ ဝင်နိုင်ထွက်နိုင်ဖို့ ဝင်ပေါက်ထွက်ပေါက်ဆိုပြီး နှစ်ပေါက်လုပ်ပေးထားသလို အဝင်အထွက် အဆင်ပြေချောမွေ့စေဖို့လည်း လမ်းကြောင်းတွေကို သေချာဆွဲထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ယာဉ်ရပ်နားကွင်း တစ်ခုချင်းဆီမှာ သူ့ရဲ့စီမံခန့်ခွဲမှုပုံစံ တစ်ခုချင်းဆီရှိပါတယ်။ ဒီလိုစီမံခန့်ခွဲတဲ့နေရာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ YRTA နဲ့ဘယ်လိုလုပ်သင့်တယ်ဆိုတာကိုစဉ်းစားပြီး ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ကတော့ ဒီယာဉ်ရပ်နားကွင်းမှာ CCTV ကင်မရာတွေ ထပ်ပြီးတပ်ဆင်သွားဖို့ရှိပါတယ်။ နောက်ထပ်လည်း ဒီလိုယာဉ်နားကွင်းတွေကို နေရာစုံမှာ အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်သွားမှာပါ ”

ဟု YRTA ၏ Managing Director ဦးအောင်ညီညီမော် မှ ပြောကြားခဲ့သည်။


အဆိုပါယာဉ်နားကွင်းသစ်ကို မြန်မာကျပ်ငွေ ၂၉၅ သန်း အကုန်အကျခံကာ ဆောင်လုပ်ခဲ့ပြီး လတ်တလောတွင် YRTA မှ School Bus များကိုထားရှိကြောင်း YRTA ထံမှသိရသည်။

Author