(YUPT) ၏ ရှယ်ယာရှင်များကိစ္စနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာကူမ္ပဏီ၏ ဘဏ္ဍာရေးစည်းမျဉ်းများနှင့်ညီအောင် ဆောင်ရွက်နေဆဲဟု (YRTA) ၏ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ပြောကြား

0

Full article

ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT) ၏ ရှယ်ယာရှင်များကိစ္စနှင့်စပ်လျဉ်းပြီး ကုမ္ပဏီပိုင်ငွေကြေးများနှင့်သက်ဆိုင်သည့်ကိစ္စဖြစ်သည့်အတွက် သက်ဆိုင်ရာကူမ္ပဏီ၏ ဘဏ္ဍာရေးစည်းမျဉ်းများနှင့်ညီအောင် ဆောင်ရွက်နေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားခဲ့သည်။

“ YUPT ကရှယ်ယာရှင်တွေဟာ မီဒီယာတွေနဲ့တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တယ်ဆိုတာ ပြန်လည်သိရှိရပါတယ်။ ကျွန်တော်တို့ YRTA အနေနဲ့ ရှယ်ယာရှင်များရဲ့သဘောထားကို ကျွန်တော်တို့သာမက၊ ဥက္ကဋ္ဌ ဒေါ်နီလာကျော်ကိုပါ တင်ပြထားပြီးသား၊ သိရှိပြီးသားကိစ္စဖြစ်ပါတယ်။ လူကြီးများကိုယ်တိုင်က စီမံဆောင်ရွက်ပေးမယ်ဆိုတာ ပြောပြီးသားကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့ဒီကိစ္စဟာ ကုမ္ပဏီပိုင်ငွေကြေးများကိုစီမံခန့်ခွဲရတာဖြစ်ပါတယ်။ ဒီလိုစီမံခန့်ခွဲတဲ့နေရာမှာ သက်ဆိုင်ရာ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးစည်းကမ်းများနဲ့အညီဖြစ်ဖို့ဆိုတာက Board of Director ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ဆွေးနွေးညှိနှိုင်းပြီးမှဆောင်ရွက်ပေးရမယ့်ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ရှယ်ယာရှင်များရဲ့တင်ပြမှုအပေါ်မှာ YRTA တာဝန်ရှိသူများအားလုံး သိရှိထားပါတယ်။ သူတို့ရဲ့သဘောထားအတိုင်း အကောင်အထည်ဖော်ပေးဖို့အတွက်ကိုလည်း အသိပေးထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရုံးချုပ်မှာပဲ ဥက္ကဋ္ဌနဲ့ ရှယ်ယာရှင်ကိုယ်စားလှယ်များနဲ့ တွေ့ဆုံပြီးဖြစ်ပါတယ်။ သို့သော် အကောင်အထည်ဖော်မှုမှာတော့ ကုမ္ပဏီပိုင်ငွေကြေးများဖြစ်သည့်အတွက် သက်ဆိုင်ရာကုမ္ပဏီရဲ့ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနဲ့အညီဖြစ်ဖို့ ဆောင်ရွက်နေဆဲဖြစ်ပါတယ်”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်ပြုလုပ်ခဲ့သော YRTA ၏ မီဒီယာတွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။


ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးအများနှင့်သက်ဆိုင်သော ( YUPT) ကုမ္ပဏီလီမိတက်မှ ရှယ်ယာရှင်များသည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ၎င်းတို့၏ အမြတ်ငွေများသည် ၃ နှစ်ကျော်ကြာသည့်တိုင်မရရှိခြင်း၊ ရှယ်ယာများကို ပြန်လည်ထုတ်လိုခြင်းနှင့် နစ်နာမှုများနှင့်စပ်လျဉ်းပြီး သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့သည်။

Author