YBS ယာဉ်လိုင်းများအတွင်းရှိ ကြံ့ခိုင်မှုနှင့် ဝန်ဆောင်မှုပေးရန်အားနည်းလာသည့် ယာဉ်များအားလျှော့ချရာတွင် ယာဉ်ပိုင်ရှင်များ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တွဲဖက်အတွင်းရေးမှုး ဦးလှအောင်မှ ပြောကြား

0

Full article

YBS ယာဉ်လိုင်းများအတွင်းရှိ ကြံ့ခိုင်မှုနှင့် ဝန်ဆောင်မှုပေးရန် အားနည်းလာသည့်ယာဉ်များကို တဖြည်းဖြည်းလျှော့ချသွားမည်ဖြစ်ပြီး ယာဉ်ပိုင်ရှင်များကိုထိခိုက်မှု အနည်းဆုံးဖြစ်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့( YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှပြောကြားခဲ့သည်။


“ YBS စနစ်ထူထောင်တယ်ဆိုတာ ပြည်သူလူထုကိုဝန်ဆောင်မှုကောင်းကောင်းပေးချင်လို့ပါ။ ၁၉၉၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်မော်ဒယ် YBS ယာဉ်အိုယာဉ်ဟောင်းတွေကို လူစီးစလစ်နဲ့အပ်နှံခွင့်ပေးတယ်ဆိုတာကလည်း ဝန်ဆောင်မှုလည်းမကောင်းတော့ဘူး၊ ယာဉ်ပိုင်ရှင်တွေအနေနဲ့ ဘယ်လိုမှပြင်ဆင်နိုင်မှုမရှိတော့ဘူးဆိုတဲ့ကားတွေကိုအပ်ခွင့်ပေးတာပါ။ ဘယ်ကာလအထိ ကားဟောင်းတွေကို ထားဦးမှာလဲဆိုရင် ကျွန်တော်တို့သွားရမယ့်စီမံဆောင်ရွက်မှုတွေနဲ့သက်ဆိုင်ပါတယ်။ YBS ကိုစတင်ခဲ့တဲ့အချိန်မှာ ပုဂ္ဂလိကပိုင် ယာဉ်တွေနဲ့ပဲ အခြေပြုပြေးဆွဲခဲ့ရတာဖြစ်ပါတယ်။ အစိုးရပိုင်းကလည်း ယာဉ်သစ်တွေဖြည့်တင်းပေးသလို၊ ကုမ္ပဏီတွေဖက်ကလည်း ယာဉ်သစ်တွေဖြည့်တင်းခဲ့ပါတယ်။ အခုနေ့စဉ်ပြေးဆွဲနေတဲ့ YBS ယာဉ်ပေါင်း ၄၅၀၀ လောက်မှာ ယာဉ်သစ်တွေစီးရေဟာ ၂၈၀၀ လောက်ရှိနေပါပြီ။ ရှေ့ဆက်ပြီး ဒီထက်ပိုတိုးတက်အောင်ဆောင်ရွက်တဲ့အခါမှာ ဝန်ဆောင်မှုမပေးနိုင်တော့တဲ့ယာဉ်တွေကိုတော့ တဖြည်းဖြည်းချင်းနဲ့ ပိုင်ရှင်များလည်းထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ”

ဟု YRTA တွဲဘက်အတွင်းရေးမှူး ဦးလှအောင်မှ ၂၀၁၉ အောက်တိုဘာ ၂ ရက်နေ့တွင်ပြုလုပ်ခဲ့သော YRTA ၏ မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ထို့အပြင်

“ အရင်ကဆို ယာဉ်တွေမှာ road safety  အရ စစ်ဆေးပြီးတော့ pass ဖြစ်ရင် ပြေးဆွဲခဲ့ပါတယ်။ အခု ယာဉ် အို/ဟောင်း အပ်နှံတယ်ဆိုတာ အနှစ် ၂၀ ကားကိုအခြေခံပါတယ်။ ဒါတောင် ပိုင်ရှင်၏ဆန္ဒအရ အပ်နိုင်သည်လို့ဆိုပါတယ်။ YRTA အနေနဲ့က ၂၀၀၃ အထိ YBS ယာဉ်ဟောင်းတွေကို အပ်နှံလဲလှယ်ခြင်းဖြင့် ယာဉ်ဟောင်းတွေနေရာမှာယာဉ်သစ်တွေ အစားထိုးဖို့ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ ပိုင်ရှင်တွေကို လက်ရှိကားအနေအထားပေါ်မှာမူတည်ပြီး  အပ်နှံလိုတဲ့ကားကိုသာ အပ်နှံပါလို့ပြောထားပါတယ်။ ဘာလို့လဲဆိုတော့ တချို့ကားတွေက ပြန်လည်ပြင်ဆင်ထားတယ်၊ ဆေးပြန်သုတ်ထားတယ် ပြီးတော့ တစ်လတန်သည် နှစ်လတန်သည် ဆွဲဦးမယ်။ ကညန မှာ road safety pass ဖြစ်တယ်ဆိုရင်လည်း ဒီကားကပြေးဆွဲဦးမှာပါ”

ဟု ထပ်မံပြောကြားခဲ့သည်။


YRTA တွင် မှတ်ပုံတင်ထားသော YBS ယာဉ်စီးရေ ၆၀၀၀ ကျော်ရှိနေပြီး ၁၉၉၉ - ၂၀၀၃ ခုနှစ်မော်ဒယ်ထုတ် YBS ယာဉ်ဟောင်းများကို လူစီးစလစ်ဖြင့်အပ်နှံခွင့်ပေးရာတွင် City Bus ၇၅ စီးနှင့် Minibus ၁ စီး လာရောက်အပ်နှံထားကြောင်းသိရသည်။

Author