သုံးနှစ်တာကာလအတွင်း မြန်မာနိုင်ငံအနေအထားနှင့်ညီမျှသည့် တိုးတက်မှုကို YBS ဆောင်ရွက်နိုင်ခဲ့

0

Full article

YBS စနစ်သည် သုံးနှစ်တာကာလအတွင်း မြန်မာနိုင်ငံအနေအထားနှင့်ညီမျှသည့် တိုးတက်ပြောင်းလဲမှုများရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွဲကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူးမှ ပြောကြားခဲ့သည်။


“ဒီသုံးနှစ်အတွင်းမှာ ကျွန်တော်တို့ရည်မှန်းချက်ထားတဲ့ ယာဉ်ပိုင်ဆိုင်မှုကို ပုဂ္ဂလိက ပိုင်ဆိုင်မှုကနေ ကုမ္ပဏီပိုင်စနစ်ကို အတိုင်းအတာတစ်ခုအထိပြောင်းနိုင်ခဲ့ပါတယ်။ အခုဆို နေ့စဉ်ပြေးဆွဲနေတဲ့ယာဉ်တွေရဲ့ သုံးပုံနှစ်ပုံလောက်က ကုမ္ပဏီပိုင်ယာဉ်တွေဖြစ်နေပါပြီ။ နောက်တစ်ချက်က ယာဉ်များနဲ့ဝန်ဆောင်မှု။ ယခင် မထသ လက်ထက်က အမျိုးအစားကွဲနေတဲ့ယာဉ်တွေနဲ့ သယ်ယူပို့ဆောင်မှုလုပ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ သယ်ယူပို့ဆောင်မှုတာဝန်သာ ယူရမည်ဆိုတဲ့ယာဉ်အမျိုးအစားတွေဖြစ်အောင် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ပြည်သူလူထုအပေါ် ဝန်ဆောင်မှုပေးခြင်းကဏ္ဍမှာလည်း ယခင်ကဆို ယာဉ်အို/ဟောင်း တွေနဲ့ ဝန်ဆောင်မှုပေးရပါတယ်။ အခုဆို တခြားနိုင်ငံတွေမှာ ပြေးဆွဲနေတဲ့ယာဉ်အမျိုးအစားတွေအတိုင်း ယာဉ်သစ်တွေနဲ့ ကောင်းမွန်တဲ့ဝန်ဆောင်မှုကိုပေးနိုင်ပြီပဲဖြစ်ပါတယ်။ လမ်းကြောင်းပြေးဆွဲမှုမှာလည်း ယခင်ကဆို ပြေးဆွဲလမ်းကြောင်းပေါင်း ၃၃၅ လမ်းကြောင်းရှိခဲ့တဲ့အတွက် မလိုအပ်ဘဲ လမ်းကြောင်းတွေ ဖောင်းပွခဲ့ပါတယ်။ အခုဆို ပြေးဆွဲလမ်းကြောင်းပေါင်း ၁၃၅ လမ်းကြောင်းအထိလျှော့ချနိုင်ခဲ့တဲ့အတွက် ကျစ်လစ်တဲ့ ပြေးဆွဲလမ်းကြောင်းစနစ်ကိုဖော်ဆောင်နိုင်ခဲ့ပါတယ်။ နည်းပညာအသုံးပြုမှုအပိုင်းမှာလည်း Telematics စနစ်တွေ၊ ယာဉ်မောင်း Smart Card တွေ၊ Yangon Bus Operator (YBO) က တစ်ဆင့်ထိန်းချုပ်တာတွေစတဲ့ ITS (intelligent transport system) စနစ်ကို ဖော်ဆောင်နိုင်ခဲ့ပါပြီ။ ပြည်သူ့ဝန်ဆောင်မှု အခန်းကဏ္ဍမှာလည်း ပြည်သူလူထုက တင်ပြလာတာတွေကို ကျွန်တောတို့အနေနဲ့ ပြန်လည်ဖြေရှင်းခြင်းအပိုင်းမှာလည်း ယခင်ထက်ပိုပြီးဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အကြီးမားဆုံးပြောင်းလဲခြင်းကတော့ လက်ရှိဆောင်ရွက်နေတဲ့ E-Payment Card စနစ်ကိုပြောင်းလဲခြင်းပါပဲ။ အနာဂတ်ကိုသွားမယ့်စနစ်မှာ ဒီ Card စနစ်ဟာ အင်မတန်မှအရေးကြီးပါတယ်။ ဒီလိုသွားနိုင်မယ့် ခြေလှမ်းကိုလည်း လှမ်းနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ယခင် မထသ စနစ်ကနေ YBS စနစ်ကိုပြောင်းလဲတဲ့အခါမှာ ယခင်စနစ်ဟောင်းကလူတွေလည်းပါလာအောင်၊ ယာဉ်ပိုင်ရှင်ဟောင်းတွေကိုလည်း ထိပါးမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အချုပ်ပြောရရင်တော့ ဒီသုံးနှစ်တာအတွင်းမှာ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ အနေအထားနဲ့ညီမျှတဲ့ တိုးတက်ပြောင်းလဲမှုမျိုးကို ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်ပြုလုပ်ခဲ့သော YRTA ၏ မီဒီယာတွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။


YRTA  ၃ နှစ်ပြည့်အခမ်းအနားကို လာမည့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပသွားမည်ဖြစ်ပြီး YRTA တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နာယက အဖြစ်ပါဝင်ထားပြီး ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားခြင်းဖြစ်သည်။

Author