COVID-19 ကူးစက်ရောဂါ ကာကွယ်တိုက်ဖျက်ရေးကာလအတွင်း ကျန်းမာ‌ရေးဝန်ထမ်းများအား YRTA မှ ကြို/ပို့လုပ်

0

Full article

YRTA မှ COVID-19 ကူးစက်ရောဂါကာကွယ်တိုက်ဖျက်ရေးတွင် ရှေ့ဆုံးမှတိုက်ပွဲဝင်နေကြသည့်ကျန်းမာရေးဝန်ထမ်းများကို ကြို/ပို့လုပ်ခြင်းနှင့် စားသောက်ဖွယ်ရာများကိုပို့ဆောင်ပေးခြင်းစသည့် သယ်ယူပို့ဆောင်ရေးဆောင်ရွက်မှုများကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၇ ရက်နေ့မှစတင်ပြီးဆောင်ရွက်လျက်ရှိသည်။

YRTA မှ ရန်ကုန်မြို့နယ်ရှိ COVID-19 ကူးစက်ရောဂါဆေးဝါးကုသမှုခံယူနေသည့် ဆေးရုံများ၊ Quarantine စုရပ်အသီးသီးတို့တွင် ကုသပေးနေသော ကျန်းမာရေးဝန်ထမ်းများနှင့် ခရီးသည်များအား နေ့စဉ်ကြို့/ပို့ လုပ်ငန်းအတွက် (၁၄-၄-၂၀၂၀) အထိ မော်တော်ယာဉ် ၈၄ စီး၊ ဆေးရုံများနှင့် စုရပ်အသီးသီးတို့တွင် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို (၃၀-၃-၂၀၂၀) ရက်နေ့မှ (၁၄-၄-၂၀၂၀) ရက်နေ့အထိ မော်တော်ယာဉ် ၁၃၁ စီး၊ ကျန်းမာရေးဝန်ထမ်းများ အသုံးပြုရန်အတွက် လိုအပ်သော အသုံးအဆောင်ပစ္စည်းများအား သယ်ယူပို့ဆောင်ခြင်းအတွက် (၂၇-၃-၂၀၂၀) ရက်နေ့မှ (၁၄-၄-၂၀၂၀) အထိ ယာဉ်ငယ် ၈၄ စီး၊ YRTA ကုန်စည်ဌာနခွဲအနေဖြင့် လှည်းကူးမြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) ရှိ ကျန်းမာရေးစင်တာ၌ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်လျက်ရှိသည့် ဆေးရုံသုံးပစ္စည်းများအားသယ်ယူပို့ဆောင်ခြင်းအတွက် (၆-၄-၂၀၂၀) ရက်နေ့မှ (၁၄-၄-၂၀၂၀) ရက်နေ့အထိ ကွန်တိန်နာယာဉ် ၄၈ စီး၊ ပြည်ပမှပြန်လာသည့် Quarantine ခရီးသည်များကို သက်ဆိုင်ရာစုရပ်နေရာများသို့ပြန်လည်ပို့ဆောင်ပေးခြင်းနှင့် စုရပ်အသီးသီးမှနေရပ်သို့ပြန်ကြမည့် Quarantine ခရီးသည်များအား မီးရထားဘူတာ၊ အောင်မင်္ဂလာအဝေးပြေးနှင့် ဒဂုံဧရာအဝေးပြေး စသည့်နေရာများကို ပြန်လည်ပို့ဆောင်ခြင်း ကြို/ပို့လုပ်ငန်းအတွက် (၁၄-၄-၂၀၂၀) ရက်နေ့အထိ မော်တော်ယာဉ် (၇၂) စီး၊ COVID-19 တိုက်ဖျက်ရေးကာလ၌ လုပ်အားဒါနပါဝင်ဆောင်ရွက်နေကြသည့် ပရဟိတအသင်းနှင့် We Love Yangon ပရဟိတအသင်းများအတွက် လုပ်ငန်းများဆောင်ရွက်ရန် (၃၁-၃-၂၀၂၀) ရက်နေ့မှ (၁၄-၄-၂၀၂၀) ရက်နေ့အထိ မော်တော်ယာဉ် ၄၃ စီး၊ လှည်းကူးမြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး) တွင် ဖွင့်လှစ်မည့် ကျန်းမာရေးစင်တာ၌ ကုသရေးတာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများအား သွားလာရေး လွယ်ကူစေရန်ကြို/ပို့လုပ်ငန်းအတွက် မော်တော်ယာဉ် ၃ စီး၊ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ဝန်ထမ်း ၄၅၀ ဦးကို စားသောက်ဖွယ်ရာများပို့ဆောင်ပေးခြင်းအတွက် မော်တော်ယာဉ် ၅ စီး စသည်ဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်များကို YRTA မှ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် လှည်းကူးမြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) တွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် YRTA မှ အုပ်ချုပ်မှုရုံးအား သီးခြားဖွင့်လှစ်၍ဆောင်ရွက်နေပြီး ကျန်းမာရေးဝန်ထမ်းများ တည်းခိုနေထိုင်သည့် စုရပ်များနှင့် မဟာသင်္ကြန်ကာလအတွင်း တာဝန်ထမ်းဆောင်နိုင်ရန် ကျန်းမာရေးဝန်ထမ်းများအား မော်တော်ယာဉ်များဖြင့် ကြို/ပို့ ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကာ မြောက်ဥက္ကလာပမြို့နယ် သန္တာအိမ်ရာ၊ ရှုခင်းသာပတ်လမ်း၊ တိုက်အမှတ် (၆/၇/၈) နှင့် လှိုင်မြို့နယ် MICT Park တို့တွင် နေထိုင်သည့် ကျန်းမာရေးဝန်ထမ်းများအား သက်ဆိုင်ရာဆေးရုံများသို့ သွားရောက်တာဝန်ထမ်းဆောင်နိုင်ရန်အတွက်လည်း နေ့စဉ် ကြို/ပို့ ယာဉ်များကို YRTA မှစီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

Author