YBS ယာဉ်မောင်းသင်တန်းအပတ်စဉ် ၁၉ ခုမှယာဉ်မောင်းသစ်ဦးရေ ၁၇၀၀ ဝန်းကျင် မွေးထုတ်ပေးခဲ့ပြီး YBS ယာဉ်လိုင်းများတွင် ၁၅၀၀ ခန့် မောင်းနှင်နေကြပြီ

0

Full article

YBS အထူးယာဉ်မောင်းသင်တန်းအပတ်စဉ် ၁၉ ခုမှ ယာဉ်မောင်းသစ်ဦးရေ ၁၇၀၀ ဝန်းကျင် မွေးထုတ်ပေးခဲ့ပြီး YBS ယာဉ်လိုင်းများတွင် ၁၅၀၀ ခန့် မောင်းနှင်နေကြပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့( YRTA) ထံမှသိရသည်။


YBS ယာဉ်မောင်းများအား ဝန်ဆောင်မှုကောင်းမွန်စေရန်၊ ယာဉ်မောင်းကျွမ်းကျင်စေရန်နှင့် YBS ယာဉ်မောင်းသစ်များ မွေးထုတ်နိုင်ရန် ရည်ရွယ်ကာ YRTA နှင့် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်းကာ YBS အထူးယာဉ်မောင်းသင်တန်းကို ၂၀၁၇ ခုနှစ်၊ ဩဂုတ်လမှ စတင်ကာဖွင့်ခဲ့ကြောင်းသိရသည်။ တက်ရောက်မည့်သူများအနေဖြင့် “ခ” လိုင်စင်သက်တမ်း အနည်းဆုံး ၃ နှစ်ရှိရမည်ဖြစ်ပြီး ယာဉ်ကြီးမောင်းအတွေ့အကြုံရှိသူများလျှောက်ထားနိုင်ပြီး သင်တန်းအပတ်စဉ် ၁၉ ခုမှ ယာဉ်မောင်းအသစ်ဦးရေ ၁၇၀၀ ဝန်းကျင်မွေးထုတ်နိုင်ခဲ့ကာ ၎င်းတို့အနက်မှ ယာဉ်မောင်း ၁၅၀၀ ခန့်သည် YBS ယာဉ်လိုင်းများတွင် မောင်းနှင်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း YRTA ထံမှသိရသည်။

“ YBS စနစ်စတင်ချိန်တုန်းက ယာဉ်မောင်းသူတွေဟာ ယခင် မ.ထ.သ ကနေ ပြောင်းလဲမောင်းနှင်လာတဲ့သူတွေက အများစုဖြစ်နေပါတယ်။ အဲဒီအခါမှာ စည်းကမ်းလိုက်နာမှုအပိုင်းမှာ အရမ်းအားနည်းခဲ့တာ တွေ့ခဲ့ရမှာပါ။ ယာဉ်မောင်းနှင်တာကိုပဲ ကြည့်ကြည့်၊ ဆက်ဆံရေးကိုပဲကြည့်ကြည့် အင်မတန်အားနည်းခဲ့တာတွေ့ရမှာပါ။ ထိုအချိန်တုန်းကဆို ယာဉ်မတော်တဆမှုတွေ ယခုထက်လည်းပိုမို ဖြစ်ပွားခဲ့ပါတယ်။ အခုဆို ယာဉ်မတော်တမှုတွေနည်းပါးလာတယ်ဆိုပေမဲ့ ယာဉ်မတော်တဆ မှုဆိုတာ လျော့နည်းကျဆင်းပြီး ပပျောက်သွားအောင် ဆောင်ရွက်ရမှာပါ။ ဒါကြောင့် ယာဉ်မောင်းအင်အားဖြည့်ပေးပါလို့တင်ပြတော့ ပြည်ထောင်စု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကနေ အင်အားဖြည့်တဲ့အနေနဲ့ ဆောင်ရွက်ပေးခဲ့ပါတယ်။ တကယ်တော့ ယာဉ်မောင်းလိုင်စင်သက်တမ်း ၅ နှစ်ရှိမှ ခရီးသည်တင်ယာဉ်ပေါ်တက်မောင်းလို့ရတာပါ။ ကျွန်တော်တို့ကို ဖြေလျော့ပေးပါလို့ တင်ပြတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ပေါင်းစပ်ညှိနှိုင်းပေးမှုနဲ့ ယာဉ်မောင်းလိုင်စင်သက်တမ်းကို ၃ နှစ်သို့ ဖြေလျော့ပေးမှုနဲ့ YBS အထူးယာဉ်မောင်းသင်တန်းပေါ်ပေါက်လာတာပါ”

ဟု YRTA တွဲဖက်အတွင်းရေးမှူးမှပြောကြားခဲ့သည်။


YBS ယာဉ်လိုင်းများတွင် နေ့စဉ် တိုင်ကြားမှုပေါင်းနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနမှ အရေးယူနေသည့် စည်းကမ်းချိုးဖောက်မှုအမျိုးအစားပေါင်း ၃၇ ခုအနက် ယာဉ်မောင်းကြောင့်ဖြစ်ပေါ်သည့်အမှုမှာ ထက်ဝက်ကျော်ပါဝင်နေကြောင်းသိရသည်။

Author