မှော်ဘီမှ ရန်ကုန်သို့ ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများအတွက် မော်တော်ယာဉ်ရပ်နားစခန်းကိုတည်ဆောက်သွားရန် စီမံဆောင်ရွက်သွားမည်

0

Full article

မှော်ဘီမှ ရန်ကုန်သို့ ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများအတွက် မော်တော်ယာဉ်ရပ်နားစခန်းကိုတည်ဆောက်သွားရန် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် ကပြောကြားခဲ့သည်။

“YBS ယာဉ်လိုင်းအများစုသည် ယာဉ်ရပ်နားဝင်းမရှိမှုကြောင့် ယခင် မထသယာဉ်လိုင်းများကဲ့သို့ပင် ယာဉ်လိုင်း ဂိတ်ရင်း၊ ဂိတ်ဖျားတည်ရှိရာ နေရာများတစ်ဝိုက်တွင် အခြေပြုရပ်နားရသည့်အတွက် ယာဉ်ကြောသွားလာမှုကိုလည်း အခက်အခဲဖြစ်ပေါ်စေပါကြောင်း၊ YBS ယာဉ်လိုင်းများကို ကုမ္ပဏီပိုင်ယာဉ်များဖြင့်သာ ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်ထားသဖြင့် ယာဉ်ရပ်နားဝင်းများထားရှိရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် YRTA အနေဖြင့် ယာဉ်ရပ်နားဝင်းများ တည်ဆောက်ရေးကို လုပ်ငန်းတစ်ရပ်အဖြစ် စီမံဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ယာဉ်ရပ်နားဝင်းတည်ဆောက်ရေးကို YRTA ရန်ပုံငွေမှ စိုက်ထုတ်တည်ဆောက်ပြီး ကုမ္ပဏီယာဉ်လိုင်းများ အသုံးပြုနိုင်ရန်လည်း စီမံဆောင်ရွက်ပေးရမည်ဖြစ်သဖြင့် မြေနေရာရရှိမှု လုပ်ငန်းလိုအပ်ချက်နှင့် ဘဏ္ဍာငွေစိုက်ထုတ်သုံးစွဲနိုင်မှုများအပေါ် မူတည်၍ ဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ရန်ကုန်မြောက်ပိုင်းခရိုင် ထောက်ကြန့်တွင် YBPC ကုမ္ပဏီမှ မော်တော်ယာဉ် ၁၅၀ စီးကျော် ရပ်နားခြင်း၊ အုပ်ချုပ်မှုအဆောက်အဦနှင့် မော်တော်ယာဉ်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်သော ယာဉ်ရပ်ဝင်းကြီးတစ်ခု တည်ဆောက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဥက္ကံမြို့တွင် ၄.၂၁ ဧကကျယ်ဝန်းသော မြေကွက်တွင် ယာဉ်ရပ်နားဝင်းတစ်ခု တည်ဆောက်နိုင်ရန် အတွက် YRTA မှ စီစဉ်ဆောင်ရွက်လျက်ရှိပြီး ထို့အတူ မှော်ဘီမြို့နယ်တွင် ကိုယ်စားလှယ်ကြီး တင်ပြထားသည့် မြေကွက်များထဲမှ မြေကွက်၏ဈေးနှုန်း၊ မြေကွက်ရရှိနိုင်မှုကို လေ့လာလျက်ရှိပြီး ယာဉ်ရပ်နားဝင်း စီမံဆောင်ရွက်ပေးနိုင်ရေးအတွက် လုပ်ငန်းဦးစားပေးအလိုက် လျာထားဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း”

ဝန်ကြီးဒေါ်နီလာကျော်က ဇွန်လ ၅ ရက်နေ့တွင်ပြုလုပ်ခဲ့သော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၂၀) တွင် ပြောကြားခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းမှ “မှော်ဘီမြို့နယ်မှ ရန်ကုန်မြို့သို့ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများရပ်နားရန်အတွက် မော်တော်ယာဉ်ရပ်နားစခန်းတစ်ခု တည်ဆောက်ပေးရန်အစီအစဉ် ရှိ/မရှိ" ဟူသောမေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

Author