Omni Focus ယာဉ်လိုင်းမှ တက္ကသိုလ် (၄) ခုကို ချိတ်ဆက်ကာ ယာဉ်လိုင်းသစ်တစ်ခု ပြေးဆွဲခွင့်ပြုရန် YRTA ထံသို့တင်ပြထား

0

Full article

Omni Focus General Service Public Co.,Ltd မှ တက္ကသိုလ် (၄) ခုကို ချိတ်ဆက်ကာ ယာဉ်လိုင်းသစ်တစ်ခု ပြေးဆွဲခွင့်ပြုရန်တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။

Omni Focus ယာဉ်လိုင်းသည် စီးပွားရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ဆေးတက္ကသိုလ် (၂) နှင့် နည်းပညာတက္ကသိုလ်များသို့ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများ၊ ဆရာ/ဆရာမ များနှင့် ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် အဆိုပါတက္ကသိုလ် (၄) ခုအား ချိတ်ဆက်ပြေးဆွဲမည့် YBS ယာဉ်လိုင်းတစ်ခု ပြေးဆွဲခွင့်ပြုပါရန် YRTA ထံသို့ လျှောက်ထားကြောင်းသိရသည်။

တက္ကသိုလ်(၄) ခုသို့ ချိတ်ဆက်ပြေးဆွဲရန်တင်ပြထားသည့် လမ်းကြောင်းများမှာ (၁) အသွားလမ်းကြောင်း အနေဖြင့် လှိုင်သာယာနည်းပညာတက္ကသိုလ် (ဂိတ်ရင်း) - ရန်ကုန်ပုသိမ်လမ်း - အနော်ရထာလမ်း - ရွှေပြည်သာတံတား - ရွှေပြည်သာတံတားလမ်း - ဒညင်းကုန်းလမ်းဆုံ - ခရေပင်လမ်း - အမှတ် (၃) လမ်းဆုံ - အောင်မင်္ဂလာအဝေးပြေးကွင်း - ၆ ကွေ့ - သုဓမ္မာလမ်း - ခေမာသီလမ်း - ဆေးတက္ကသိုလ် (၂) - မြောက်ဥက္ကလာအဝိုင်း - စက်မှုလမ်း - ဗိုလ်မှူးဗထူးလမ်း - ကျန်စစ်သားလမ်း - မင်းရဲကျော်စွာလမ်း - တော်ဝင်လမ်း - ဒဂုံတက္ကသိုလ် - ဗိုလ်မှူးဗထူးလမ်း - ကျန်စစ်သားလမ်း - အမှတ် (၂) လမ်းမကြီး - ရွာသာကြီး စီးပွားရေးတက္ကသိုလ် (ဂိတ်ဖျား) တို့ဖြစ်ပြီး အပြန်လမ်းကြောင်းအနေဖြင့် ရွာသာကြီး စီးပွားရေးတက္ကသိုလ် (ဂိတ်ဖျား) - အမှတ်(၂) လမ်းမကြီး - ကျန်စစ်သားလမ်း - မင်းရဲကျော်စွာလမ်း - တော်ဝင်လမ်း - ဒဂုံတက္ကသိုလ် - ဗိုလ်မှူးဗထူးလမ်းမှ လာလမ်းအတိုင်း လှိုင်သာယာ နည်းပညာတက္ကသိုလ် (ဂိတ်ဖျား) သို့ ပြေးဆွဲသွားရန်တင်ပြထားကြောင်းသိရသည်။

YRTA အနေဖြင့်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ တင်ပြထားကြောင်းသိရသည်။ ပြေးဆွဲမည့်ယာဉ်အမျိုးအစားမှာ Foton အမျိုးအစား ယာဉ် (၂၇) စီးဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။

Omni Focus YBS ယာဉ်လိုင်းသည် ပုံမှန် YBS ယာဉ်လိုင်းများအပြင် လေဆိပ်နှင့်ဆူးလေ၊ လေဆိပ်နှင့် Bus Terminals များတို့ကို ချိတ်ဆက်ပြေးဆွဲခြင်းစသည့် ဖြည့်စွက်ယာဉ်လိုင်းများကို ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းတစ်ခုဖြစ်သည်။

Author