လက်တလောတွင် City Taxi မှတ်ပုံတင်ခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားသော Taxi ယာဉ်များကိုသာ မှတ်ပုံတင်ပေးနေ

0

Full article

Taxi ယာဉ်များအတွက် မူဝါဒ တစ်ခုချမှတ်ပြီး အကောင်အထည်ဖော်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ စီမံနေပြီး လက်တလောတွင် City Taxi မှတ်ပုံတင်ခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားသော Taxi ယာဉ်များကိုသာ မှတ်ပုံတင်ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။

YRTA မှ City Taxi မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးနေသည့်အတွက် ရန်ကုန်မှမဟုတ်ဘဲ အခြားပြည်နယ်နှင့်တိုင်းများမှ Taxi ယာဉ်များအနေဖြင့် ပြေးဆွဲခွင့်ရှိ/မရှိနှင့် ထိုယာဉ်များကို City Taxi မှတ်ပုံတင်ခွင့်ပေးရန် အစီအစဉ်ရှိ/မရှိကို မေးမြန်းခဲ့ရာတွင် YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ယခုလိုပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။


“Taxi ယာဉ်တွေနဲ့ပတ်သက်တဲ့ မူဝါဒချမှတ်ပြီး အကောင်အထည်ဖော်ရေးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ စီမံဆဲကာလဖြစ်ပါတယ်။ လက်ရှိအကျုံးဝင်တာကတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားသော Taxi ယာဉ်များကိုသာ City Taxi ယာဉ် ပြုလုပ်ရန်ဆိုတဲ့အချက်အတိုင်းပဲ ဆောင်ရွက်နေပါတယ်။ နယ်ကားတွေ ဝင်ရောက်ပြေးဆွဲလို့ ရ/မရနဲ့ ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင် အဲဒီကိစ္စမှာ လုပ်ငန်းလိုင်စင်ကဏ္ဍနဲ့ သက်ဆိုင်ပါတယ်။ လုပ်ငန်းလိုင်စင်ယူတဲ့အခါမှာ တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်နိုင်တဲ့လိုင်စင်နဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးတွင် လုပ်ငန်းဆောင်ရွက်နိုင်ခွင့်ရှိသည့်လိုင်စင်ဆိုပြီး ရှိပါတယ်။ ဒါကြောင့် အခြားပြည်နယ်နှင့်တိုင်းတွေမှာပဲ လုပ်ငန်းဆောင်ရွက်ခွင့်ရှိတဲ့ယာဉ်ဆိုရင်တော့ စည်းမျဉ်းစည်းကမ်းသတ်မှတ်ပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲဒီကိစ္စအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာဌာနတွေနဲ့ ဆွေးနွေးညှိနှိုင်းနေဆဲလို့ သိရပါတယ်။ YRTA အနေနဲ့တော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားတဲ့ Taxi ယာဉ်များကိုသာ City taxi မှတ်ပုံတင်ခွင့် ပေးထားပါတယ်။” ဟု YRTA တွဲဖက်အတွင်းရေးမှူးမှ ဖြေကြားခဲ့သည်။

City Taxi မှတ်ပုံတင်ခြင်းကို YRTA ထံတွင် စက်တင်ဘာလကုန်နောက်ဆုံးထား ဆောင်ရွက်ရမည်ဖြစ်ပြီး သြဂုတ်လ ၆ ရက်နေ့အထိ စာရင်းများအရ မှတ်ပုံတင်အသစ်ပြုလုပ်ခြင်း ၅၀၁ စီးနှင့် သက်တမ်းတိုးဆောင်ရွက်ခြင်း ၁,၁၁၁ စီးရှိနေပြီး YCDC ငယ် စာရင်းအရ City taxi ယာဉ်စီးရေ ၆၆,၆၇၃ စီး ရှိကြောင်းသိရသည်။

Reporter : Zing

Author

Comments