City Taxi ယာဉ်များကို YBS ကဲ့သို့ City Taxi ပို့ဆောင်ရေးပြေးဆွဲမှုပုံစံသစ်တစ်ရပ် ဖော်ဆောင်ရန် အခက်အခဲများစွာရှိနေ

0

Full article

City Taxi ယာဉ်များကို YBS ကဲ့သို့ City Taxi ပို့ဆောင်ရေးပြေးဆွဲမှုပုံစံသစ်တစ်ရပ်ဖော်ဆောင်ရမည့် အနေအထားရှိသော်လည်း အကောင်အထည်ဖော်ရန်အတွက်မှာ အခက်အခဲများစွာရှိနေကြောင်း YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှပြောကြားခဲ့သည်။


“ City Taxi မှတ်ပုံတင်ထားတဲ့ ယာဉ်တွေကို အနာဂတ်မှာ City Taxi ပို့ဆောင်ရေးကို အခု YBS စနစ်ဖော်ဆောင်သလို ဖော်ဆောင်ရမယ့်အနေအထားရှိပါတယ်။ ဒါပေမဲ့ မှတ်ပုံတင်ထားတဲ့ယာဉ်စီးရေက ခြောက်သောင်းနဲ့ငါးထောင်ကျော်ရှိပါတယ်။ ဒီယာဉ်တွေနဲ့ပတ်သက်လို့ အနာဂတ်မှာ ဘယ်လိုဖော်ဆောင်မလဲဆိုတဲ့အပိုင်းကိုတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ချမှတ်ပေးတဲ့မူဝါဒနဲ့အညီ လုပ်ပေးရမှာဖြစ်ပါတယ်။ ဘယ်တော့လောက် စလုပ်မလဲဆိုရင်တော့ ဘက်စ်ကား ငါးထောင်လောက်ကိုတောင် ဒီလောက်လုပ်ခဲ့ရတာ။ City  Taxi ယာဉ် ခြောက်သောင်းကျော်ရှိပါတယ်။ နံပါတ်တစ်က ညီညွတ်ဖို့အရင်လုပ်ရမယ်။ ပြီးရင် အဖွဲ့အစည်းစနစ်နဲ့သွားမလား၊ ကုမ္ပဏီစနစ်နဲ့သွားမလားဆိုတာ စဉ်းစားရမယ်။ ကုမ္ပဏီ စနစ်နဲ့သွားမယ်ဆိုရင် ဒီ ခြောက်သောင်းကျော်ယာဉ်တွေရဲ့ပိုင်ရှင်တွေကို ဘယ်လိုဆွေးနွေးမလဲ၊ ညှိနှိုင်းမလဲဆိုတာ သူက ပိုပြီးခက်ခဲပါတယ်။ ဒါအပြင် နောက်ထပ်ရှေ့ဆက်မယ့် စနစ်ဖြစ်တဲ့ ထိန်းကျောင်းမှုစနစ်တွေ၊ ယာဉ်စီးခစနစ်တွေ ဒါတွေကိုစဉ်းစားရဦးမှာပါ။ ဒါကြောင့် တိုင်းဒေသကြီးအစိုးရအနေနဲ့ ကျွန်တော်တို့ကို မူဝါဒတစ်ရပ်ချပေးရမယ်။ ဒီအပေါ်မှာ အကောင်အထည်ဖော်နိုင်မှုအနေအထားကို ကျွန်တော်တို့က ပြန်ပြီးတော့ တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒီတော့ ဘယ်တော့လောက်လုပ်နိုင်မလဲဆိုတာတော့ ကျွန်တော်မပြောနိုင်ပါဘူး။ ဒါပေမဲ့ Taxi ယာဉ်ဖြင့်သယ်ယူပို့ဆောင်ရေးစနစ်တစ်ရပ် အကောင်အထည်ဖော်ဖို့ကိုတော့ အခုထက်ပိုပြီးစဉ်းစားဆောင်ရွက်ရမှာပါ”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ပြောကြားခဲ့သည်။


၂၀၁၉ ဒီဇင်ဘာလကုန်အထိ YRTA ထံတွင်မှတ်ပုံတင်ထားသော City Taxi ယာဉ်စီးရေ ၆၅,၆၁၅ စီးရှိကြောင်း YRTA ထံမှသိရသည်။

Author