ရန်ကုန်မြို့ပတ်ယာဥ်လိုင်းကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် ယာဥ်စီးရေ ၂၀ ဖြင့် စတင်‌ပြေးဆွဲသွားမည်

0

Full article

ရန်ကုန်မြို့ပတ်ယာဥ်လိုင်းကို စက်တင်ဘာလ ၂၃ ရက်နေ့တွင်ယာဥ်စီးရေ ၂၀ ဖြင့်စတင်‌ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။

“ရန်ကုန်မြို့ပတ် YBS ယဥ်လိုင်းကို စက်တင်ဘာလ ၂၃ ရက်နေ့မှာ ယာဥ်စီးရေ ၂၀ နဲ့ စတင်ပြေးဆွဲပါမယ်။ အောင်မင်္ဂလာအဝေးပြေးကနေ စတင်ထွက်ခွာပြီး လမ်းကြောင်းနှစ်ကြောင်းနဲ့ပြေးဆွဲပါမယ်။ နောင်မှာ ပြည်သူလူထုရဲ့လိုအပ်ချက်အရ မြို့ထဲမှာ ယာဥ်စီးရေတချို့အခြေပြုပြီး အဲဒီကနေပြန်ထွက်တဲ့စနစ်ကိုလည်း ပြန်ပြီးလေ့လာနေပါတယ်။ အင်အားပြည့်ပြေးဆွဲမယ့် ယာဥ်စီးရေက ၃၉ စီးပါ။ ၂၃ ရက်နေ့မှာစတင်ပြေးဆွဲပြီးတဲ့နောက် တွေ့ရှိချက်အပေါ်မူတည်ပြီး အင်အားဖြည့်တင်းမှုတွေ လုပ်သွားမှာပါ။ အောက်တိုဘာလမှာ အကုန်ပြေးဆွဲပါမယ်။”

ဟု  YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှပြောကြားခဲ့သည်။

ထို့အပြင် ပြေးဆွဲမည့် ယဥ်များနှင့်ပတ်သက်၍

“ပြေးဆွဲမယ့်ယာဥ်တွေက SCANIA အမျိုးအစား City Bus ယာဥ်တွေဖြစ်ပါတယ်။ ပြေးဆွဲမယ့်ကုမ္ပဏီဖြစ်တဲ့ City Transit ကုမ္ပဏီဟာ SCANIA ရဲ့ ပြေးဆွဲမှုနည်းပညာကိုယူပြီးတော့ ပုံဖော်မှာပါ။ ဒီကားတွေရဲ့ထူးခြားချက်က ရပ်တဲ့အခါညာဘက်ကိုစောင်းသွားပါတယ်။ လူတွေအလွယ်တကူဆင်းလို့ရအောင်ပါ။ အဲဒီမှာ ဝှီးချဲနဲ့တက်မယ့်လူတွေအတွက်အစီအစဥ်တစ်ခု ပါ ပါတယ်။ ယာဥ်ပေါ်မှာ ဝှီးချဲနဲ့လာမယ့်ပုဂ္ဂိုလ်တွေအတွက်နေရာ၊ သက်ကြီးရွယ်အိုတွေအတွက်နေရာတွေ SCANIA ရဲ့ထုံးစံအတိုင်း ပါ ပါတယ်။ ဒါ့အပြင် မှတ်တိုင်အသိပေးစနစ်တွေကို အသံရော၊ စာနဲ့ပါ အသိပေးတဲ့စနစ်၊ သတင်းအချက်အလက်အထောက်အကူပြုစနစ်တွေလည်း ပါ ပါတယ်။ နောက်ပြီး YRTA ရဲ့ telematics စနစ်အပြင် SCANIA ရဲ့  telematics စနစ်လည်း ပါမှာပါ။ ပြည်သူလူထုရဲ့စီးနင်းမှုပေါ်မူတည်ပြီး တိုးချဲ့ပြေးဆွဲပေးဖို့ကိုလည်း ပြောထားပါတယ်။”

ရန်ကုန်မြို့ပတ်ကားများကို ယာဉ်လမ်းကြောင်း နှစ်ကြောင်းခွဲ၍ ပြေးဆွဲမည်ဖြစ်ရာ ယာဉ်လမ်းကြောင်း (၁) မှာ အောင်မင်္ဂလာအဝေးပြေးဝင်းမှ စတင်ထွက်ခွာပြီး အမှတ်(၃) လမ်းမကြီး၊ ၆ ကွေ့၊ သုဓမ္မာလမ်း၊ ဝေဇယန္တာလမ်း၊ ပါရမီလမ်း၊ ဘေလီထိပ်၊ သံသုမာလမ်း၊ စံပြဈေး၊ ပြည်ထောင်စုခုံးကျော်တံတား၊ သံသုမာလမ်း (သုဝဏ္ဏ) ကြက်ဘဲဈေး၊ သမိန်ဗရမ်းလမ်း၊ အထက်ပုဇွန်တောင်လမ်း၊ ၅၁ လမ်းထိပ်၊ ဗိုလ်တထောင်ဘုရားလမ်း၊ ကမ်းနားလမ်း၊ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်း၊ ဘုရင့်နောင်လမ်းဆုံ၊ သမိုင်း ဘူတာရုံလမ်း၊ သမိုင်းလမ်းဆုံ၊ ကျိုက်ဝိုင်း ဘုရားလမ်း၊ ၈ မိုင်၊ ကမ္ဘာအေးဘုရားလမ်း၊ န၀ဒေး၊ အုတ်ပုံဆိပ်လမ်း၊ သုဓမ္မာလမ်း၊ ၆ ကွေ့၊ အမှတ်(၃) လမ်းမကြီးမှ အောင်မင်္ဂလာ အဝေးပြေးသို့ ရောက်ရှိမည်ဖြစ်သည်ပြီး ယာဉ်လမ်းကြောင်း (၂) မှာမူ ယာဉ်လမ်း ကြောင်း (၁) ၏ မျက်နှာချင်းဆိုင်လမ်း ကြောင်းအတိုင်း ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

Author