ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေခြင်းအပြင်၊ ငွေလွှဲပေးချေခြင်းတွေအတွက်ပါ သုံးစွဲနိုင်ရန်ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်မှပြောကြား

0

Full article

YBS ယာဉ်လိုင်းများတွင် ကတ်စနစ်ကိုကျင့်သုံးပါက ယာဉ်စီးခတိုးမြှင့်ကောက်ခံမည်ဆိုလျှင်ပင် အဆင်ပြေစေမည်ဖြစ်ပြီး အဆိုပါကတ်စနစ် စတင်ကျင့်သုံးသည့်နေ့မှစတင်ကာ နှစ်နှစ်အတွင်း အဆိုပါကတ်ဖြင့် ယာဉ်စီးခပေးချေခြင်းအပြင်၊ ငွေလွှဲငွေပေးချေခြင်း စသည့် နေရာအတော်များများတွင် သုံးစွဲနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကာ နည်းပညာစတင်အသုံးပြုချိန်တွင် ပြည်သူများအနေဖြင့် ဝန်ဆောင်ခကြီးနိုင်သော်လည်း ပြည်သူများတတ်နိုင်သည့် အခြေအနေမျိုးသို့ တဖြည်းဖြည်းချင်း မြှင့်တင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှပြောကြားခဲ့သည်။


“ ကတ်စနစ်နဲ့ဆောင်ရွက်မည်ဆိုရင် စရိတ်တိုးမြှင့်ကောက်ခံမယ်ဆိုရင်တောင် အဆင်ပြေမှာပါ။ အခု ၂၀၀ ကောက်ခံနေရာကနေ ၂၃၀ ကို တိုးကောက်မလား၊ ၂၆၀ တိုးကောက်မလား ရနိုင်ပါတယ်။ အကြွေစနစ်နဲ့သာလုပ်မယ်ဆိုရင် ပြန်အမ်းဖို့ ၂၀ ၊ ၄၀ အကြွေမရှိပါဘူး။ အဲဒီတော့ တိုးမယ်ဆို ၅၀ တိုးမလား၊ ၁၀၀ တိုးမလား ဆိုတဲ့အခြေအနေကို စဉ်းစားရပါတယ်။ ၅၀ တိုးမယ်ဆိုရင်တောင် ပိုငွေ အကြွေ ၅၀ ပြန်အမ်းဖို့ဆိုတာ ခက်ခဲမှာပါ။ ကတ်စနစ်နဲ့သာဆိုရင် ကျွန်တော်တို့ရဲ့ ငွေပေးချေမှုအခြေအနေဟာ အင်မတန်လွယ်ကူလာမှာဖြစ်ပါတယ်။”

ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင်ပြုလုပ်ခဲ့သော YBS မြို့ပတ်ယာဉ်လိုင်းသစ်ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

ထို့အပြင် ကတ်စနစ်တွင် ကိုယ်စီးသလောက် ပေးချေရမည့်စနစ်မျိုးသွားနိုင်မည်ဆိုပါက ယာဉ်လိုင်းများအနေဖြင့်အဆင်ပြေမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ငွေသားဖြင့်ယာဉ်စီးခပေးချေသည်ထက် ကတ်ဖြင့်ငွေပေးချေမည့်စနစ်မျိုးသို့ ရောက်ရှိအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အဆိုပါကတ်စနစ်ကို စတင်အသုံးပြုသည့်နေ့မှ နှစ် နှစ်အတွင်း ယာဉ်စီးခပေးချေခြင်းအပြင် ငွေလွှဲ၊ငွေပေးချေခြင်း စသည့်နေရာအတော်များများတွင် အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်မှထပ်မံပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ပထမအဆင့်မှာ ကတ်အသုံးပြုမှုကိုလေ့ကျင့်ရမှာဖြစ်ပါတယ်။ ကတ်နဲ့ဝန်ဆောင်မှုပေးတတ်တဲ့စနစ်တစ်ခုကိုရပြီဆိုရင် close type ကနေ open type ကို ဆက်ပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီအဆင့်ကိုဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ အချိန်တွေအများကြီးယူပြီး ပြင်ဆင်ဆောင်ရွက်နေပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့တိုင်းပြည်ဟာ နောက်ကျခဲ့ပါတယ်။ နောက်ကျခဲ့တဲ့အတွက် ချက်ချင်းဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆို နည်းပညာတွေကို ယူသုံးရမှာပါ။ ဒါပေမဲ့ အဲဒီ နည်းပညာတွေကို ယူသုံးတဲ့အခါမှာ ပြည်သူတွေအနေနဲ့ ဝန်ဆောင်မှုစရိတ်ကြီးနိုင်ပါတယ်။ ဒီဝန်ဆောင်မှုကို ပြည်သူတတ်နိုင်တဲ့ အခြေအနေမျိုးကို တဖြည်းဖြည်းချင်း မြှင့်တင်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။”

YBS ယာဉ်လိုင်းများတွင် ကတ်စနစ်အသုံးပြုမှုကို ယခုနှစ်အတွင်းဆောင်ရွက်သွားမည်ဖြစ်ပြီး စက်များကိုလည်း သက်ဆိုင်ရာကုမ္ပဏီမှ မှာယူပြီးဖြစ်ကာ စက်များရောက်ရှိလာပါက YBS ယာဉ်စီးရေ ၁၅၀၀ တွင် ကနဦး တပ်ဆင်စမ်းသပ်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။

Author