၁၉၉၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်မော်ဒယ်ထုတ် YBS လူစီးယာဥ်တင်သွင်းခွင့်ထောက်ခံချက် (လူစီးစလစ်) ထုတ်ပေးသွားမည်

0

Full article

၁၉၉၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်မော်ဒယ်ထုတ် YBS ယာဥ်ဟောင်းများအပ်နှံပါက လူစီးယာဥ်တင်သွင်းခွင့်ထောက်ခံချက် (လူစီးစလစ်) ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။

“၁၉၉၉ မော်ဒယ်ဟာ ဒီနှစ်အတွက်အပ်ခွင့်ရတဲ့ယာဥ်ပါ။ ကျွန်တော်တို့ကျတော့ ၂၀၀၃ ခုနှစ်အထိ ထုတ်လုပ်ယာဥ်များကို YBS ယာဥ်လိုင်းတွေမှာ‌ပြေးဆွဲနေရင် အထူးကိစ္စရပ်တစ်ရပ်အနေနဲ့ လူစီးယာဥ်တင်သွင်းခွင့်ထောက်ခံချက်နဲ့ အပ်နှံခွင့်ပြုတာဟာ ယာဥ်အိုယာဥ်ဟောင်းတွေရုပ်သိမ်းသွားပြီးတော့ ယာဥ်သစ်တွေအစားထိုးသွားမယ့် အနေအထားကိုဖော်ဆောင်တာပါ။ ကျွန်တော်တို့က YBS ယာဥ်လိုင်းတွေမှာပြေးဆွဲနေသောယာဥ်များမှ ၁၉၉၉/၂၀၀၃ ခုနှစ်ထုတ် မော်ဒယ်ယာဥ်တွေအပ်နှံလိုပါက YRTA ကို စာရင်းပေးပါလို့တောင်းထားပါတယ်။ တချို့လည်းပြင်ဆင်နေကြပါတယ်။ ယာဥ်ပိုင်ရှင်တွေနဲ့ ကုမ္ပဏီတို့ ဆွေးနွေးမှုတွေလုပ်နေပါတယ်။ အပ်နှံမှုအတွက်တင်ပြဖို့ ပြင်ဆင်နေကြပါတယ်။ ၁၉၉၉/၂၀၀၃ ယာဥ်စီးရေစာရင်းကတော့ ကျွန်တော်တို့ယာဥ်လိုင်းတွေထဲမှာ စီးတီးဘက်စ်ရော၊ မီနီဘက်စ်ရော အစီး‌ရေ ၇၇၀ ကျော် ရှိပါတယ်။ ယဥ်ပိုင်ရှင်အနေနဲ့ သူ့ယာဥ်ဟောင်းကြီးကို ညီညွတ်မျှတတဲ့တန်ရာတန်ကြေးရဖို့၊ အဲဒီငွေနဲ့ ဒီကုမ္ပဏီမှာ ရှယ်ယာပြန်ဝင်လို့ရပါတယ်။ သူ့ကိုရင်းနှီးမြှပ်နှံမှုအတွက် လမ်း‌ကြောင်းဖော်ပေးတာပါ။ တကယ်လို့ မဝင်ချင်တော့ပါဘူးဆိုလည်း ညီညွတ်မျှတတဲ့ တန်ရာတန်ကြေးတစ်ခုရအောင် စီမံပေးတာပါ။ ဒါကြောင့် အထူးကိစ္စတစ်ရပ်အနေနဲ့ အပ်နှံခွင့်ပေးတာပါ။’’ ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှ‌အောင်မှပြောကြားခဲ့သည်။

ထို့အပြင် အပ်နှံသောယာဥ်များသည် CNG ယာဥ်များဖြစ်ပါက CNG ပြန်အပ်ရမည်ဟုလည်း သိရသည်။
ရန်ကုန်မြို့တော်သာယာလှပရေးနှင့်  YBS ယာဥ်လိုင်းများတွင် ကြံ့ခိုင်မှုနှင့် ဝန်ဆောင်မှုပိုင်းတွင်အားနည်းနေသော ယာဥ်ဟောင်းများလျှော့ချရေးအတွက် ၁၉၉၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်မော်ဒယ်ထုတ် YBS ယာဥ်ဟောင်းများအပ်နှံပါက လူစီးယာဥ်တင်သွင်းခွင့်ထောက်ခံချက် (လူစီးစလစ်) ထုတ်ပေးရန်အတွက် YRTA မှ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ အထူးအစီအစဥ်အနေဖြင့်ခွင့်ပြုပေးရန် တင်ပြထားခဲ့ခြင်းဖြစ်သည်။

Author

Comments