YPS စနစ်အတွက် POS (Point of Sale) Devices ၁,၅၀၀ ကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်အပြီးတပ်ဆင်သွားမည်ဖြစ်သော်လည်း ချက်ခြင်းအသုံးပြု၍ရဦးမည်မဟုတ်ဘဲ စမ်းသပ်စစ်ဆေးမှုများဆောင်ရွက်သွားဦးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ထံမှ သိရသည်။

“အခုကျွန်တော်တို့လုပ်နေတဲ့စနစ်က တပ်ဆင်မယ်၊ QC အဖွဲ့တွေက လိုက်ပါစစ်ဆေးမယ်။ အဲဒီမှာ Pass ဖြစ်တဲ့ ယာဉ်တွေကို Pass ပေးမယ်။ မဖြစ်တဲ့ယာဉ်တွေကို ပြန်လည်စစ်ဆေးမယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာလည်း YRTA၊ သက်ဆိုင်ရာ ယာဉ်လိုင်းကုမ္ပဏီ၊ Asia Starmar တို့ပူးပေါင်းပြီး စက်တွေရဲ့မှန်ကန်မှု ၊စနစ်တကျရှိမှု၊ စနစ်တကျလွှဲပြောင်းနိုင်မှုတွေအတွက် သဘောတူညီချက်မှာပါတဲ့အတိုင်းဖြစ်အောင် ကြပ်မတ်ပြီးဆောင်ရွက်နေပါတယ်။ စက်တပ်ဆင်မှုပြီးဆုံးမယ့်လျာထားချက်နေ့ဖြစ်တဲ့ ဒီလ (ဒီဇင်ဘာ) ၂၇ ရက်နေ့မှာ ပြီးဆုံးနိုင်အောင်ဆောင်ရွက်နေပါတယ်။ စက်တပ်ဆင်မှုမှာ ယာဉ်အမျိုးအစားကွဲပြားမှုကြောင့် အချိန်ပိုပေးရတာတွေ အထိုက်အလျောက်ရှိပါတယ်။ ဒါ့အပြင် ပြည်သူလူထု သွားလာမှုမပျက်အောင် ညပိုင်းအချိန်တွေမှာပါ တပ်ဆင်မှုတွေဆောင်ရွက်ပေးနေပါတယ်။ တစ်ဆက်တည်းမှာပဲ Scania အပါအဝင် Foton ၁,၀၃၉ စီးအတွက်လည်း စက်တွေဟာ အဆင်သင့်ရောက်နေပါပြီ။ ဒါကိုလည်း ဒုတိယအဆင့်အနေနဲ့ ဆက်ပြီးဆောင်ရွက်သွားမှာပါ။”
ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှပြောကြားခဲ့သည်။
ယခု ၂၀၁၉ ခုနှစ်အတွင်း အဆိုပါစက်များကို ပြည်သူလူထုသုံးစွဲနိုင်မှု ရှိ/မရှိ မေးခွန်းအပေါ်တွင် ယခင် Telematics စက်များတပ်ဆင်ချိန်တွင် ယာဉ်၏သွားလာလှုပ်ရှားမှုကို စစ်ဆေးမှုတွင်ပင် အခက်အခဲများစွာတွေ့ခဲ့ရကြောင်း၊ ယခု POS Devices များသည် ငွေကြေးကဏ္ဍပါဝင်လာသည့်အတွက် ပို၍အရေးကြီးလာကြောင်း၊ ကတ်၌အသုံးပြုသည့်ငွေကြေးသည် ချိတ်ဆက်ထားသော ဘဏ်နှင့် အချက်အလက်မှန်ကန်မှုရှိ/မရှိ၊ ဖြတ်တောက်လိုက်သည့်ငွေကြေး အတိုင်းအတာမှန်ကန်မှု စသည့် အခက်အခဲများစွာရှိကြောင်း၊ သို့သော် ပြည်သူလူထု အမြန်ဆုံးအသုံးပြုနိုင်ရန်ကြိုးစားသွားမည်ဖြစ်ကြောင်း ၎င်းမှပြောကြားခဲ့သည်။
YPS (Yangon payment Service) စနစ်အတွက် POS Devices များစတင်တပ်ဆင်ချိန်မှ ယခုဒီဇင်ဘာလ ၁၇ ရက်နေ့အထိ YBS ယာဉ်ပေါင်း ၅၄၄ စီးတွင် စက်များတပ်ဆင်ပြီးဖြစ်ကြောင်း သိရသည်။