YRTA မှ YBS ယာဉ်များအား နေ့စဉ်ကောက်ခံနေသည့် စီမံခန့်ခွဲမှုစရိတ်အား ယာယီကင်းလွတ်ခွင့်ပြုခြင်းကို မေလ ၃၀ ရက်နေ့အထိ တိုးမြှင့်

0

Full article

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ YBS ယာဉ်များအား နေ့စဉ်ကောက်ခံနေသည့် စီမံခန့်ခွဲမှုစရိတ်အား ယာယီကင်းလွတ်ခွင့်ပြုခြင်းကို မေလ ၃၀ ရက်နေ့အထိ တိုးမြှင့်လိုက်ကြောင်း YRTA ထံမှသိရသည်။

လတ်တလောဖြစ်ပွားနေသည့် COVID-19 ဗိုင်းရပ်စ်ကြောင့် YBS ယာဉ်လိုင်းများတွင် ခရီးသည်စီးနင်းလိုက်ပါမှု နည်းပါးနေပြီး ယာဉ်လိုင်းကုမ္ပဏီများအနေဖြင့်အရှုံးပေါ်နေခြင်းကို ကူညီပံ့ပိုးသည့်အနေဖြင့် YRTA မှ YBS ယာဉ်များအပေါ်တွင် နေ့စဉ်ကောက်ခံခဲ့သည့် စီမံခန့်ခွဲမှုရန်ပုံငွေအား မတ်လ ၂၇ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ယာယီကင်းလွင့်ခွင့်ပြုခဲ့သည်။ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားလာသူများ အဆင်ပြေစေရန်အတွက် ပြေးဆွဲပေးနေသည့် YBS  ယာဉ်များအား ထောက်ပံ့သည့်အနေဖြင့် စီမံခန့်ခွဲမှုရန်ပုံငွေ ၄,၀၀၀ ကျပ်အား ယာယီကင်းလွတ်ခွင့်ပြုခြင်းကို မေလ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း YRTA ထံမှသိရသည်။ ထိုသို့ကင်းလွတ်ခွင့်ပြုလိုက်သော်လည်း YBS ယာဉ်လိုင်းများအနေဖြင့် ယာဉ်ထွက်ခွာမည်ဆိုပါက ခရီးစဉ်မှတ်တမ်းရေးသွင်းခြင်း စသည့် နေ့စဉ်ဆောင်ရွက်ရမည့်လုပ်ငန်းများကို YRTA ထံသို့ ပုံမှန်အတိုင်း သတင်းပေးပို့ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။


ယခင်က တစ်ရက်လျှင် YBS ယာဉ်စီးရေ ၄,၃၀၀ ကျော်ဖြင့် ခရီးသည် ၁.၈ သန်းခန့်ကို နေ့စဉ်ပို့ဆောင်ပေးနိုင်ခဲ့ပြီး ယခုအခါ ယာဉ်လိုင်း ၁၀၀ ဝန်းကျင်၊ ယာဉ်စီးရေ ၁,၇၀၀ ခန့်ဖြင့် ခရီးသွားပြည်သူ ၂ သိန်းကျော်ခန့်ကို နေ့စဉ်ပို့ဆောင်ပြေးဆွဲလျက်ရှိကြောင်းသိရသည်။

Author