ယာဉ်လိုင်းများမှ YRTA တရက်ရငွေကျပ် ၄,ဝဝဝကို လမ်းပန်းဝန်ကြီးဘဏ်အကောင့်သို့ထည့်သွင်းနေရပြီး ဝန်ထမ်းများက အနိမ့်ဆုံးလုပ်ခ ၃,၆ဝဝ ကျပ်ပင် မရကြောင်း ရှင်းလင်းခဲ့

0

Full article

ယာဉ်လိုင်းများထံမှ YRTA သို့ပေးအပ်ရသည့် တစ်ရက် ငွေကျပ် ၄,ဝဝဝ နှုန်းကို YRTA ၏ ဘဏ်အကောင့်တွင်သာ ထည့်သွင်းရမည်ဖြစ်သော်လည်း ၄င်းငွေကိုလျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်၏ဘဏ်အကောင့်သို့ ထည့်သွင်းမှုများရှိနေကြောင်း နှင့်ထိုသို့လုပ်ဆောင်ခြင်းသည် မဖြစ်သင့်ကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ၏ YRTA ဝန်ထမ်းအချို့က ရန်ကုန်မြို့၊ဗိုလ်တစ်ထောင်မြို့နယ်၊လမ်း၅ဝ ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

''ကျွန်တော်တို့ YRTA ကနေ ယာဉ်လိုင်းတွေဆီက တစ်စီးကို တစ်ရက် ၄ဝဝဝကျပ် ရပါတယ်။ရှင်းရှင်းပြောရရင် အဲ့ဒီ့ပိုက်ဆံတွေကို ဝန်ကြီးဒေါ်နီလာကျော် ရဲ့ဘဏ်အကောင့်ထဲကိုထည့်တယ်။အမှန်က အဲ့ဒီပိုက်ဆံက YRTAကိုပေးရတဲ့ပိုက်ဆံ။ထည့်မယ့်ထည့် YRTAရဲ့ ဘဏ်အကောင့်ကိုပဲထည့်ရမယ်။ အခု YRTAက ဘယ်လိုဖြစ်နေလဲဆိုတော့ YRTAမှာ ဖွဲ့စည်းပုံ မရှိဘူး။ကြုံသလို လုပ်နေရတယ်။''ဟု YRTA ဝန်ထမ်းဖြစ်သူ ဦးမြင်သောင်းကပြောကြားခဲ့ပါသည်။

မထသကို YRTA ဆိုပြီး စနစ်ပြောင်းအမည်ပြောင်းလုပ်ကိုင်ပြီးနောက်ပိုင်း မထသမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အဆိုပါဝန်ထမ်းတွေကို YRTA မှာလည်း ဆက်လက်တာဝန်ထမ်းဆောင်စေခဲ့ရာတွင် သူတို့သည် ယခင် မထသ လက်ထက်ကရရှိခဲ့သော လစာနှုန်းထားတွေအတိုင်းရရှိနေကြပြီး နိုင်ငံတော်အစိုးရက တရားဝင်သတ်မှတ်ခဲ့တဲ့ တစ်ရက်အနိမ့်ဆုံးလုပ်ခ ၃၆ဝဝ ကျပ် ကို မရသောကြောင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရုံးကိုသွားရောက်တိုင်ကြားမည်ဟု လည်း ဝန်ထမ်းများကပြောကြားခဲ့ကြသည်။

"မထသ လက်ထက်တုန်းကပေးတဲ့အတိုင်း ကျွန်တော်ကတော့ အခြေခံလစာ ၁ဝ၅,ဝဝဝ ရတယ်။
ကျွန်တော့အောက်မှာ ၉ဝ,ဝဝဝ ကျော်ရှိတယ် ။ ၇ဝ,ဝဝဝ ကျော်ရှိတယ်။ အရင်သတ်မှတ်ခဲ့တဲ့ တစ်ရက်ကျပ် ၃,၆ဝဝ တောင်မရခဲ့ဘူး။ အခု ၄,၈ဝဝ ကျပ်သတ်မှတ်လိုက်ပြီ။ YRTA ဝန်ထမ်းတွေက အစိုးရတရားဝင်ခွင့်ပြုထားတဲ့ ကဒ်ပြားတွေလည်းမရသေးဘူး။ ဒီတော့ လုပ်ရကိုင်ရခက်တယ်။ YRTA ဝန်ထမ်းတွေအကုန်လုံးကအရင်လစာအတိုင်းပဲပေးတယ်။"ဟု YRTA ယာဉ်စည်းကမ်းထိန်းသိမ်းရေးဌာန ဝန်ထမ်းဖြစ်သူ ဦးနေလင်းကပြောကြားသည်။

အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ YRTA ဝန်ထမ်းများအနေဖြင့် လက်ရှိတွင်အနည်းဆုံးလုပ်ခလစာ ၃၆ဝဝ ကျပ်ပင်မရသည့် လစာကိုသာရရှိသည့်အပြင် တစ်နှစ်လျှင်တစ်ခါပေးအပ်သည့် ခွင့်လစာ ၄လစာလည်းမရရှိသေး ကြောင်းဝန်ထမ်းများက ပြောဆိုခဲ့ကြသည်။

Breaking news
governance

Author