ရန်ကုန်မြို့ ဘက်စ်ကားစနစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရထားနှင့်ကား ပေါင်းစပ်ပြေးဆွဲခြင်းစီမံချက်များကို YRTA နှင့် JICA တို့ ပူးပေါင်းဆောင်ရွက်သွားမည်

0

Full article

ရန်ကုန်မြို့ ဘက်စ်ကားစနစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရထားနှင့်ကား ပေါင်းစပ်ပြေးဆွဲခြင်း စီမံချက်များကို  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ YRTA နှင့် JICA တို့ပူးပေါင်းကာဆောင်ရွက်သွားမည်ဖြစ်ကြောင်း YRTA တွဲဖက်အတွင်းရေမှူး ဦးလှအောင်ထံမှ သိရသည်။

“ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရယ်၊ JICA ရယ် ပူးပေါင်းပြီး ရန်ကုန်ဘက်စ်ကားစနစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုပြီး ဆောင်ရွက်ပါ့မယ်။ အဲဒီမှာဘာတွေပါမလဲဆိုတော့ ဘက်စ်ကားပြေးဆွဲမှုစီမံချက်တွေဖွံ့ဖြိုးတိုးတက်ရေး၊ ဘက်စ်ကားကုမ္ပဏီများ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေး၊ ယာဉ်မောင်းနှင်သူများဖွံ့ဖြိုးတိုးတက်ရေး၊ စီမံခန့်ခွဲမှုတိုးတက်ရေး အပိုင်းတွေကို JICA နဲ့ YRTA နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပေါင်းစပ်ပြီးဆောင်ရွက်နေပါတယ်။ ဒါ့အပြင် ရထားနဲ့ကား ပေါင်းစပ်ပြေးဆွဲခြင်းအားဖြင့် သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးခြင်းကဏ္ဍလည်း ပါ ပါတယ်။ ကျွန်တော်တို့လျာထားတာရှိပါတယ်။ မကြာခင်မှာ သမိုင်းဘူတာမှာဆောင်ရွက်မှာပါ။ ဘူတာကိုအဆင့်မြှင့်မယ်။ ယာဉ်လိုင်းတွေကလည်းလာမယ်။ ဒီနောက်မှာ ရထားပေါ်ကဆင်းပြီး ကားပေါ်တက်၊ ကားပေါ်ကဆင်းမယ်၊ ရထားစီးမယ်။ ကျွန်တော်တို့ရဲ့ Transit နဲ့ပတ်သက်တဲ့ စနစ်တွေ၊ ပေါင်းစပ်ပြေးဆွဲမှုဖွံ့ဖြိုးတိုးတက်ရေးကိုလည်း JICA နဲ့ ကျွန်တော်တို့ YRTA တို့ပူးပေါင်းဆောင်ရွက်သွားမှာပါ။ ဒါ့အပြင် JICA ဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ပူးပေါင်းပြီး ရန်ကုန်မြို့ ယာဉ်ကြောကြပ်တည်းမှုလျှော့ချရေးကိုလည်း ဆောင်ရွက်သွားမှာပါ။ နောက်ပြီး မီးရထားနဲ့ JICA ပူးပေါင်းပြီး မီးရထားဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်နေပါတယ်။”

ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူးဦးလှအောင်မှ ပြောကြားခဲ့သည်။

YRTA ထံတွင် စာရင်းပေးသွင်းထားသော City Bus ၊ Minibus အစီးရေပေါင်း ၆,၇၀၀ ကျော်ရှိနေပြီး တစ်ရက်လျှင် ပျှမ်းမျှ ယာဉ်စီးရေ ၄,၆၀၀ ကျော်ဖြင့် ယာဉ်လိုင်းပေါင်း ၁၁၁ လိုင်း ပြေးဆွဲလမ်းကြောင်းပေါင်း ၁၃၃ လမ်းကြောင်းဖြင့် နေ့စဉ် ခရီးသွားပြည်သူ ၁.၈ သန်းကျော်ကို သယ်ယူပို့ဆောင်ပေးနေကြောင်းသိရသည်။

Author