YBS ကားများတွင်အသုံးပြုမည့် ယာဉ်စီးခပေးကတ်စနစ်ကို အစိုးရအဖွဲ့နှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီးပြီဖြစ်၍ လာမည့် ၆ လကျော်မှ စတင်၍ စက်များတပ်ဆင်အသုံးပြုမည်

0

Full article

ရန်ကုန်မြို့ထဲရှိ ပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် ယာဉ်စီးခပေးကတ်စနစ်အား လုပ်ကိုင်ခွင့်ရရှိထားသော တင်ဒါအောင်မြင်ထားသည့် Asia Starmar Transport Intelligent ကုမ္ပဏီနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့အကြား master agreement အား မတ်လ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၆ လ ကျော်မှသာစတင်၍ အများပြည်သူထံသို့ မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှ သိရသည်။

ထိုကဲ့သို့ YBS ယာဉ်လိုင်းများ ယာဉ်စီးခပေးကတ်စနစ် Yangon Payment Service (YPS) စနစ်စတင်အသုံးပြုရာတွင် မြို့တွင်းပတ်ပြေးဆွဲနေသော ယာဉ်လိုင်း ၃ လိုင်းမှစတင်ပြီးအသုံးပြုသွားမည်ဖြစ်ရာ စက်များမှာယူမှုနှင့် ယာဉ်လိုင်းများအားလုံးတပ်ဆင်အသုံးပြုမှုအတွက် ၆ လကျော်မှသာ စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

"မနေ့ကလုပ်တာက YBS ကားတွေမှာ ယာဉ်စီးခပေးချေတဲ့ကတ်စနစ် လုပ်ကိုင်ခွင့်ရတဲ့ တင်ဒါအောင်ကုမ္ပဏီနဲ့ အစိုးရအဖွဲ့လက်မှတ်ရေးထိုးတာပါ။ နည်းပညာပိုင်းဆိုင်ရာအချက်အလက်တွေကို သေချာလေးလုပ်နေပါတယ်။ ဒီအခြေအနေအတိုင်းဆိုရင် လာမည့်နောက် ၆ လမှာ မိတ်ဆက်ပေးနိုင်မှာပါ။ ဒါပေမယ့် စက်ပစ္စည်းမှာရတာနဲ့ စပြီးအသုံးပြုရမည့်အချိန်က ၆ လကျော်လောက်ဖြစ်သွားမှာပါ။" ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင်း ခရီးသည်ပို့ဆောင်ရေးအတွက် ယာဉ်လိုင်းပေါင်း ၁ဝဝ အထိ ရှိလာပြီဖြစ်ပြီး ယာဉ်အစီးရေ ၆ ထောင်နီးပါးဖြင့် နေ့စဉ်ပြေးဆွဲလျက်ရှိရာ ယာဉ်လိုင်းကုမ္ပဏီများကလည်း ယာဉ်စီးခပေးကတ်စနစ် အမြန်ဆုံးစတင်နိုင်ရန် လိုလားလျက်ရှိနေကြောင်းသိရသည်။

Author