ဧပြီလတွင် COE စနစ်သတ်မှတ်၍ ရန်ကုန်လိုင်စင် ပြန်ချပေးရန် အကြံဉာဏ်များ ရယူပြီး လုပ်ဆောင်မည်

0

Full article

၂ဝ၁၈ ဧပြီလတွင် COE စနစ် သတ်မှတ်၍ ရန်ကုန်လိုင်စင် ပြန်ချပေးနိုင်ရန် ကားလောကနားလည်တတ်ကျွမ်းသူများထံကနေ အကြံဉာဏ်ရယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သိရသည်။

ရန်ကုန်တိုင်းအတွက် တစ်နှစ်လျှင် ကားအစီးအရေအတွက် တင်သွင်းထားမှုနှင့် တိုးပွားလာသော ကားအရအတွက်ကို ချိန်ထိုးတွက်ဆနေပြီး လိုအပ်ချက်ရှိသော အိမ်စီးကားနှင့် လုပ်ငန်းသုံးကား အစီးရေများကို ခွဲခြားမှုပြုလုပ်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့စေရန် ၂ဝ၁၆ ဧပြီလမှ စ၍ ရန်ကုန်လိုင်စင်ဖြင့်ကားတင်သွင်းခွင့်ပြုခြင်းကို ရပ်ဆိုင်းထားရှိပြီး လာမည့် ၂ဝ၁၈ ခုနှစ် ဧပြီလတွင် ပြန်လည်ခွင့်ပြုပေးမည်ဟု MAN Dealership Agreement Signing Ceremony အခမ်းအနားတွင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှ ပြောကြားခဲ့သည်။

"ရန်ကုန်လိုင်စင်ပြန်ချပေးဖို့က နားလည်တက်ကျွမ်းသူတဲ့သူတွေ အကြံဉာဏ်တွေရယူပြီး အခွန်တစ်ခုနဲ့ သွားဖို့ အတွက်လည်း ဆွေးနွေးနေပါတယ်။ ဧပြီလမှာ ပြန်ချပေးဖို့အတွက်လည်း ဆွေးနွေးထားတယ်။ အဓိက က ရန်ကုန်မှာ ကားအစီးရေ ဘယ်လောက်တိုးလာသလဲ ။ ဘယ်လောက်က ရန်ကုန်အတွက် အသုံးပြုနေတယ်ဆိုတာ တွက်ရမှာပါ "ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိမှာ ပြည်တွင်းတွင် ထုတ်လုပ်သော ကားများနှင့် ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး စလစ်ကပ် အစားထိုး တင်သွင်း နေသောကားများကိုသာ ရန်ကုန်လိုင်စင် ခွင့်ပြုပေးနေပြီး ကားအရောင်းပြခန်းများက ရန်ကုန်လိုင်စင် မရရှိ၍ အဆင်မပြေမှုများဖြစ်ပေါ်နေကြောင်း သိရပါသည်။

Author