Full article

ရန်ကုန် ၊ နိုဝင်ဘာ ၁၅

လက်ရှိ ရန်ကုန်ကားဈေးကွက်အတွင်း နယ်ဝယ်လက်များ ဆင်းလာနေသော်လည်း ဈေးကွက်ကောင်းမွန်လာခြင်းမရှိပဲ အေးစက်နေသေးကြောင်း ဝယ်ရောင်းကြီးများက ပြောပြသည်။ ကားဈေးနှုန်းများ ကျဆင်းနေမှုနှင့်အတူ စလစ်ဈေးများ မငြိမ်မသက်ဖြစ်နေခြင်းမှာ ကားဈေးကွက်ကိုအေးစက်စေခဲ့သည်။ လက်ရှိအချိန်တွင် ကားဈေးကွက်အနေအထားမှာ ခန့်မှန်းရခက်သည့် အနေအထားဖြစ်နေကြောင်း ကားဝယ်ရောင်းကြီးများက ပြောပြသည်။

7408509744_1c0dcc5c60 (1)

ယခုတစ်ပတ် သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ယခင်ရက်ပိုင်းများထက် ယခုရက်ပိုင်းများတွင် အရောင်းအဝယ် ကောင်းမွန်လာကြောင်း သိရှိရသည်။ သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်းတွင် ၁၃ဝဝ စီစီ ကားများထဲ၌ Honda Fit(GE 6) ၊ (GT 1) ကားများမှာ အရောင်းအဝယ်အဖြစ်အများဆုံးအပိုင်းတွင် ထိပ်ဆုံးမှ ဦးဆောင်နေပြီး သိန်းနှစ်ရာ ဝန်းကျင်ကားများနှင့် အမြင့်ကားများမှာ ပုံမှန်အတိုင်းသာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ယခုတစ်ပတ်တွင်နယ်ဝယ်လက်များ ဆင်းလာမှုကြောင့် အမြင့်ကားများဖြစ်သော Hilux Surf ၊ Prado ၊ Land Cruiser စသောကားများအရောင်းအဝယ်ဖြစ်လာကြောင်း၊ လုပ်ငန်းသုံး Truck ကားများမှာလည်း ယခုတစ်ပတ်၌ အရောင်းအဝယ်အနည်းငယ်ပြန်ဖြစ်လာကြောင်း ဝယ်ရောင်းကြီးတစ်ဦးမှ ပြောသည်။

ယခုရက်ပိုင်းအတွင်း စလစ်ဈေးနှုန်း မတည်ငြိမ်မှုများကြောင့် ကားဝယ်ရောင်းအများစုမှာ စလစ်ကို ကိုင်ဆောင်ထားခြင်းမရှိပဲ စလစ်ဈေးတည်ငြိမ်မှသာ ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်ကြကြောင်း ဝယ်ရောင်းတစ်ဦးမှ ပြောကြားသည်။

ယခုတစ်ပတ် မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ဈေးကွက်အခြေအနေမှာ ယခင်အတိုင်းသာ အရောင်းအဝယ်အေးစက်နေကြောင်း သိရှိရသည်။ ယခုတစ်ပတ်တွင် နယ်ဝယ်လက်များဆင်းလာသော်လည်း အရောင်းအဝယ်မှာ ထင်သလောက်မဖြစ်ဘဲ အနည်းငယ်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

မင်းရဲကျော်စွာယာဉ်ရောင်းဝယ်ရေးစခန်းတွင် အရောင်းအဝယ်အေးစက်နေပြီး ဝယ်လက်ဆင်းမှုနည်းပါးသဖြင့် ဝယ်ရောင်းအများစုမှာ ယခင် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းအနီးရှိ အခွန်လွတ်ဈေးသို့ အများဆုံးသွားရောက်နေကြောင်း သိရှိရသည်။

မင်းရဲကျော်စွာယာဉ်ရောင်းဝယ်ရေးစခန်းရှိ ရေဆေးလုပ်သားများအနေဖြင့်လည်း ယခုမိုးရာသီအကုန် ပွင့်လင်းရာသီရောက်ချိန်တွင် တနေ့လျှင် အစီးရေ ၁ဝ စီးမှ ၁၅ စီးထိ ရေဆေးရကြောင်း ရေဆေးလုပ်သားတစ်ဦးထံမှ သိရသည်။

ရန်ကုန်ကားဈေးကွက်တွင် ကားအမျိုးအစားအချို့နှင့် ယင်းတို့၏ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြပေးပါမည်။

Mazda Demio ၂ဝဝ၈ မော်ဒယ်လ် ၁၃ဝဝ စီစီ ကျပ် သိန်း ၁၁ဝ ၊ Suzuki Swift ၂ဝဝ၈ မော်ဒယ်လ် ၂ဝဝဝ စီစီ သိန်း ၁၄ဝ ၊၁၄၅၊ ၂ဝ၁ဝ မော်ဒယ်လ် သိန်း ၁၇ဝ ၊ Toyota Premio ၂ဝဝ၂ မော်ဒယ်လ် ၂ဝဝဝ စီစီ သိန်း ၂ဝဝ ဝန်းကျင်၊ Pajero ၂ဝဝ၈ မော်ဒယ်လ် သိန်း ၂၄ဝ ၊ Toyota Crown ၂ဝဝ၄ မော်ဒယ်လ် ၃ဝဝဝ စီစီ သိန်း ၃၂ဝ၊၃၂၅၊ ၂ဝဝ၂ မော်ဒယ်လ် သိန်း ၂၃ဝ ၊ Land Crusier ၂ဝဝ၂ ၊ ၂ဝဝ၃ မော်ဒယ်လ် ဓါတ်ဆီ သိန်း ၆၅ဝ၊ ဒီဇယ် ၇၅ဝ စသည်ဖြင့် ဈေးပေါက်နေကြောင်း သိရှိရသည်။

Auto Mobile Journal မှ ကူးယူဖော်ပြသည်။

Photo Credit by Stefan Munder

Author