မြေအောက်စင်္ကြန်လမ်း တည်ဆောက်ရေးလုပ်ငန်းအတွက် ၆ လမ်းသွားမှ ၅ လမ်းသွားသို့ လျှော့ချကာ လမ်းပိတ်ခြင်းဆောင်ရွက်သွားမည်

0

Full article

မြေအောက်စင်္ကြန်လမ်း (underpass) တည်ဆောက်ရေးလုပ်ငန်းအတွက် ၆ လမ်းသွားမှ ၅ လမ်းသွားသို့ လျှော့ချကာ လမ်းပိတ်ခြင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြေအောက်စင်္ကြန်လမ်းတည်ဆောက်ရေး ကော်မတီဝင် ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

ရန်ကုန်မြို့၏ ပထမဆုံး မြေအောက်စင်္ကြန်လမ်းကို ရန်ကုန်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးအထက်တန်းကျောင်း (TTC) နှင့် ပြည်လမ်းတစ်ဖက်ရှိ Junction Square ဘက်သို့ချိတ်ဆက် ဖောက်လုပ်လျက်ရှိပြီး အဆိုပါတည်ဆောက်ရေးအတွက် လမ်းပိတ်ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြေအောက်စင်္ကြန်လမ်းတည်ဆောက်ရေးကော်မတီဝင် ဦးဝင်းမြင့်က ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သော YCDC သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။


“ကျွန်တော်တို့ ဒီမြေအောက်စင်္ကြန်လမ်းတည်ဆောက်ရေးအတွက် လမ်းပိတ်ခြင်းကိုဆောင်ရွက်သွားမှာပါ။ ဒါပေမဲ့ အကုန်ပိတ်မှာမဟုတ်ပါဘူး။ နဂိုရှိတဲ့ ၆ လမ်းသွားကနေ ၅ လမ်းသွားကို လျှော့ချမှာဖြစ်ပါတယ်။ မနက်ပိုင်းမှာ မင်္ဂလာဒုံဘက်ကနေလာတဲ့လမ်းကို ၃ လမ်းဖွင့်၊ ၂ လမ်းပိတ်၊ ညနေပိုင်းမှာ အပြန်လမ်းကို ၃ လမ်းဖွင့် ၂ လမ်းပိတ်ပုံစံနဲ့သွားမှာပါ။ ဒါကြောင့် ဒီတည်ဆောက်ရေးကြောင့် ယာဉ်ကြောတွေကျပ်မှာမဟုတ်ပါဘူး။ ဒီလမ်းပြီးသွားရင် အဲဒီနားမှာဖြစ်တတ်တဲ့ ယာဉ်ကြော ကျပ်တည်းမှုတွေ လျော့ကျသွားမှာဖြစ်ပါတယ်။ လမ်းပိတ်တာကိုတော့ လာမယ့် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။”

ဟု ကော်မတီဝင် ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

အဆိုပါမြေအောက်စင်္ကြန်လမ်းသည် လမ်းအကျယ် ၇၇ ပေကိုဖြတ်ကာ တည်ဆောက်သွားမည်ဖြစ်ပြီး လမ်းအမြင့်မှာ ၁၀ ပေရှိမည်ဖြစ်ကာ ဈေးဆိုင်ခန်းများလည်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်သည်။ ထို့အပြင် မသန်စွမ်းသူများအတွက်လည်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကာ အရေးပေါ်မီးစက်များလည်း စီစဉ်ထားကြောင်းသိရသည်။


မြေအောက်စင်္ကြန်လမ်းတည်ဆောက်ရေးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဦးစီးတည်ဆောက်နေပြီး ခန့်မှန်းခြေ မြန်မာကျပ်ငွေ ၂.၁၅ ဘီလီယံခန့် ကုန်ကျမည်ဟု မျှော်မှန်းထားကြောင်းသိရသည်။

Author