ရန်ကုန်မြို့တွင်း မော်တော်ယာဉ်ဖြင့်ရောင်းချနေသောဈေးဆိုင်များကို လုပ်ငန်းလိုင်စင်ခွင့်ပြုချက်ရယူရန်တိုက်တွန်းထားကာ ခွင့်ပြုချက်မရှိဘဲ ရောင်းချနေမှုများအား အရေးယူသွားမည်

0

Full article

ရန်ကုန်မြို့တွင်း မော်တော်ယာဉ်ဖြင့်လှည့်လည်ရောင်းချသောဈေးဆိုင်များအား လုပ်ငန်းလိုင်စင်များထုတ်ပေးလျက်ရှိနေသည့်အတွက် လုပ်ငန်းလိုင်စင်ခွင့်ပြုချက်ရယူကြပါရန်နှင့် ခွင့်ပြုချက်မရှိဘဲ ရောင်းချနေမှုများ၊ ရောင်းချရန်ခွင့်မပြုထားသည့် ရန်ကုန်မြို့ Downtown ၆ မြို့နယ်တွင် ရောင်းချနေမှုများ၊ ကျောင်းများအနီး၊ ဈေးများအနီး၌ ရပ်တန့်ရောင်းချနေမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြကာ အရေးယူဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သော YCDC သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာနမှူး ဦးကျော်မင်းမှ ပြောကြားခဲ့သည်။

“မော်တော်ယာဉ်နဲ့ လှည့်လည်ရောင်းချတဲ့လုပ်ငန်းလိုင်စင်ဆိုတာ ရှိပါတယ်။ ဒါအခုမှ ပေါ်လာတာမဟုတ်ပါဘူး။ အတိအကျပြောရရင် ၁၉၉၆ ခုနှစ်ကတည်းက ထုတ်ပြန်ခဲ့တာပါ။ အမိန့်အမှတ် (၁/၉၆) မှာ ယာဉ်တစ်မျိုးမျိုးကိုအသုံးပြုကာ ထီလက်မှတ် သို့မဟုတ် အခြားကုန်ပစ္စည်းများကိုလှည့်လည်ရောင်းချပါက ကော်မတီရဲ့ခွင့်ပြုချက် ရယူရမယ်ဆိုတာ ပါ ပါတယ်။ ၁၉၉၉ ခုနှစ်မှာ စီမံခန့်ခွဲရေးဆိုင်ရာနည်းဥပဒေပြဋ္ဌာန်းတော့လည်း ဒီအချက်ပါဝင်ပါတယ်။ နည်းဥပဒေများ ၁၆ အခန်း ၅ မှာ ယာဉ်ဖြင့်လှည့်လည်ရောင်းချတဲ့ဈေးဆိုင်တွေကို လိုင်စင်များထုတ်ပေးရန်ဆိုတာ ပါ ပါတယ်။ အလားတူပဲ ၂၀၁၃ ခုနှစ်မှာရေးဆွဲတဲ့ စည်ပင်သာယာဥပဒေမှာလည်း ဒီလုပ်ငန်းတွေကိုလုပ်ငန်းလိုင်စင်ခွင့်ပြုဖို့နဲ့ လိုင်စင်မဲ့ဆောင်ရွက်တာတွေကို ဥပဒေနဲ့အညီအရေးယူဖို့ကို ထည့်သွင်းရေးဆွဲထားပါတယ်။ ဖျက်သိမ်းခဲ့တဲ့ ၂၀၁၃ စည်ပင်ဥပဒေမှာလည်းပါဝင်ခဲ့သလို ၂၈-၆-၂၀၁၈ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေမှာလည်း ပုဒ်မ ၉၇ မှာ ယာဉ်ဖြင့်လှည့်လည်ရောင်းချခြင်းတွေကို အခွန်အခတွေကောက်ခံရမည်လို့ ပြဌာန်းထားပြီး ပုဒ်မ ၃၂၃ မှာလည်း ကော်မတီရဲ့ ခွင့်ပြုချက်လိုင်စင်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ လှည့်လည်ကြော်ငြာခြင်း၊ ရောင်းချခြင်းမပြုရ၊ ပြုလုပ်ပါက ပထမအကြိမ်ကျူးလွန်မှုအတွက် ငွေဒဏ် ကျပ်တစ်သောင်းမှ ကျပ်တစ်သိန်းအထိ၊ ဆက်လက်ကျူးလွန်ပါက ထောင်ဒဏ်တစ်လအထိ ကျခံစေမှာဖြစ်ပါတယ်။”
“ဒီလုပ်ငန်းကိုလျှောက်ထားတဲ့အခါမှာ ဘယ်လိုလျှောက်ထားရမလဲဆိုရင် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဥပဒေကနေထုတ်ပြန်ထားတဲ့ 'င' လိုင်စင်ရှိရမှာ ဖြစ်ပါတယ်။ ပြီးရင် ယာဉ်ရဲ့အုံနာဘုတ် မူရင်း၊ မိတ္တူနဲ့ ကျွန်တော်တို့ဆီမှာလျှောက်ထားရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ရန်ကုန်လိုင်စင်ပဲပေးပါတယ်။ ဝှီးတက် မူရင်း၊ မိတ္တူ ၊ သန်းခေါင်စာရင်း၊ သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှ အခွန်ထမ်းဆောင်ပြီးကြောင်း အချက်အလက်ရယ်၊ နောက် လိုင်စင်ပါစည်းကမ်းချက်တွေကို လိုက်နာပါ့မယ်ဆိုတာရယ်၊ ဘာပစ္စည်းကို ရောင်းချမယ်ဆိုတာရယ်၊ စတာတွေနဲ့ ကျွန်တော်တို့ဆီမှာလျှောက်ထားရင် လိုင်စင်ခွင့်ပြုပေးမှာဖြစ်ပါတယ်။ လိုင်စင်ရရှိတဲ့အခါမှာလည်း လိုင်စင်ပါစည်းကမ်းချက်တွေကို ဖောက်ဖျက်ပါက ငွေဒဏ်ချမှတ်ခြင်း၊ လိုင်စင်ကို တစ်လတန်သည် နှစ်လတန်သည်စသဖြင့် ကာလအလိုက်ပယ်ဖျက်တာနဲ့ နောက်ဆုံးကတော့ လိုင်စင်ကိုအပြီးအပိုင် ပယ်ဖျက်ပစ်တာပဲဖြစ်ပါတယ်။ လိုက်နာရမည့်အချက်တွေကတော့ မော်တော်ယာဉ်နဲ့လှည့်လည်ရောင်းချတာကို ရန်ကုန်မြို့ Downtown ၆ မြို့နယ်မှာ ခွင့်ပြုမပေးထားပါဘူး။ ဘာလို့လည်းဆိုတော့ ခွင့်ပြုပေးရင် ဒီလိုင်စင်ယူပြီး လမ်းဘေးဈေးသည်သဖွယ် ရောင်းချမှာစိုးလို့ပါ။ ကျန်တဲ့မြို့နယ်တွေမှာ ခွင့်ပြုပါတယ်။ ခွင့်ပြုတယ်ဆိုတဲ့နေရာမှာလည်း လိုင်စင်ယူထားတာပဲဆိုပြီး ရောင်းချင်သလိုရောင်းလို့မရပါဘူး။ သတ်မှတ်ထားတဲ့ ယာဉ်ရပ်နားခွင့်ရှိတဲ့နေရာမှာပဲ ရောင်းရမှာပါ။ တစ်နေကုန် ရောင်းချလို့မရပါဘူး။ ကျန်တဲ့ယာဉ်တွေကိုပိတ်ဆို့ပြီး ရောင်းချလို့မရပါဘူး။ နောက်ပြီး ယာဉ်တွေမှာ ထိုင်ခုံနဲ့တွဲပြီး အစားအသောက်ရောင်းတဲ့ပုံစံလို ရောင်းလို့မရပါဘူး။ သတ်မှတ်ထားတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကိုလည်း လိုက်နာရမှာဖြစ်သလို ဝန်ကြီးဌာနအသီးသီးက ထုတ်ပြန်ထားတဲ့သတ်မှတ်ချက်တွေကိုလည်း လိုက်နာရမှာဖြစ်ပါတယ်။”

ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာနမှူး ဦးကျော်မင်းမှ ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ ယာဉ်ဖြင့်လှည့်လည်ရောင်းချသော လုပ်ငန်းလိုင်စင်ပေါင်း ၁၇၀ ကျော်ခန့် ထုတ်ပေးပြီးဖြစ်ကာ ဆက်လက်၍ထုတ်ပေးသွားရန်အတွက်လည်း မြို့နယ်စည်ပင်သာယာရေးကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်းကာဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းလိုင်စင်မရှိသေးသည့်ယာဉ်များကိုလည်း လုပ်ငန်းလိုင်စင်ရယူကြရန်တိုက်တွန်းပါကြောင်း ဆက်လက်ပြောကြားခဲ့သည်။

Author