လျှပ်စစ်မီး မကြာခဏပျက်နေသောကြောင့် YBS ယာဉ်လိုင်းများ CNG ထည့်သွင်းရန် ၅ နာရီနီးပါး တန်းစီစောင့်ဆိုင်းနေရ၍ YBS ကားလိုင်းများပြေးဆွဲရာတွင် ပြတ်တောက်မှုရှိနေ

0

Full article

ရန်ကုန်တိုင်းတွင် လျှပ်စစ်မီး မကြာခဏပျက်နေသောကြောင့် YBS ယာဉ်လိုင်းများ CNG ထည့်သွင်းရန် ၅ နာရီနီးပါး တန်းစီစောင့်ဆိုင်းနေရ၍ YBS ကားလိုင်းများပြေးဆွဲပေးရာတွင် ပြတ်တောက်မှုရှိနေပြီး လိုင်းကားစီးခရီးသည်များ အခက်အခဲဖြစ်နေလျက်ရှိကြောင်း သိရသည်။ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အနှံ့အပြားတွင် လျှပ်စစ်မီးများ မကြာခဏပြတ်တောက်မှုများ ဖြစ်ပေါ်နေရာ YBS ယာဉ်လိုင်းများမှာလည်း CNG ဖြည့်တင်းရရှိရန် စောင့်ဆိုင်းနေရပြီး ကားတစ်စီးလျှင် CNG ရရှိရန် အချိန် ၅ နာရီနီးပါး ကြာမြင့်နေရာ လိုင်းကားပြေးဆွဲသည့် ကားအစီးရေ ပြတ်တောက်မှုများလည်း ကြုံတွေ့နေရကြောင်း ခရီးသည်တင် ယာဉ်လိုင်းပိုင်ရှင်များမှ ဝေဖန်ပြောဆိုနေကြသည်။

"လျှပ်စစ်မီး မကြာခဏပျက်နေတဲ့အတွက် လိုင်းကားတွေ gas ထည့်ဖို့အတွက် CNG ဆိုင်မှာလည်းကားတန်းက တန်းစီကြတာ အစီး ၄ဝ ကျော်လောက်ရှိတယ်။ ဒါတောင် လိုင်းကားတွေပဲ မဟုတ်ဘူး၊ တက္ကစီတွေလည်းပါတယ်။ ကားတစ်စီးကို CNG ရဖို့စောင့်နေရတာ မိနစ် ၂ဝ လောက်ကြာတယ်။ လိုင်းကားတွေ gas ရဖို့စောင့်နေရတာ တစ်ခါတန်းစီရင် ၅ နာရီလောက်ကြာတယ်။ ကားသမားတွေလည်း အဆင်မပြေဘူး။ လိုင်းကားတွေက gas ရဖို့ အချိန်အကြာကြီး CNG တန်းစီနေရတော့ လိုင်းကားလွှတ်ရတာလည်း ပြတ်တောက်နေပြီ။ ခရီးသည်တွေကိုလည်း မေတ္တာရပ်ခံပါတယ်။ သူတို့လည်း နေပူထဲမှာကားစောင့်နေရတာ၊ ၂ နာရီတစ်ခါမှ လိုင်းကားထွက်နေရတယ်။" ဟု ခရီးသည်တင် YBS ယာဉ်လိုင်းပြေးဆွဲနေသူ ဦးကိုနိုင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင် ၄ ခုတွင် သဘာဝဓတ်ငွေ့ရောင်းချခြင်းအား master plan ရေးဆွဲကာ CNG ရောင်းချခြင်းကို အချိန် အဆိုင်းခွဲ၍ ရောင်းချပေးသွားမည်ဖြစ်ပြီး ည ၁ဝ နာရီမှ မနက် ၆ နာရီအထိ CNG ရောင်းချခြင်းကို အရောင်း ရပ်ဆိုင်းထားရှိသည်။ ရန်ကုန်တိုင်းတွင် CNG ရောင်းချနေသည့် အရောင်းဆိုင်ပေါင်း ၄၁ ဆိုင်ရှိနေကြောင်းသိရသည်။

Author