YBS ယာဉ်လိုင်းများ ကဒ်စနစ်ဖြင့်ယာဉ်စီးခပေးချေမှု လာမည့်နှစ် ၃ လအတွင်း စတင်သွားမည်

0

Full article

ရန်ကုန်မြို့တွင် ပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် ယာဉ်စီးခပေးချေမှုပုံစံအား ကဒ်စနစ်သို့ လာမည့်နှစ် သုံးလအတွင်း စတင်၍ အများပြည်သူသို့ မိတ်ဆက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းတွင် ပြေးဆွဲပေးနေသည့် ခရီးသည်တင် YBS ယာဉ်များတွင် ယာဉ်စီးခပေးချေသည့် Yangon Payment System (YPS) ကဒ်စနစ် လုပ်ဆောင်ရန်အတွက် တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီဖြစ်သော Asia Starmar Transport Intelligent နှင့် MOU (နားလည်မှု စာချွန်လွှာ) လတ်မှတ်ရေးထိုးပြီးစီးပြီဖြစ်ရာ မကြာခင် YBS ကားများ၌ ကဒ်စနစ်များတပ်ဆင်အသုံးပြု သွားတော့မည်ဖြစ်သည်။

"မကြာခင် YBS ကားတွေမှာ ယာဉ်စီးခပေးချေတဲ့ ကဒ်စနစ်ကို သွားဖို့လုပ်နေပါပြီ။ လုပ်ကိုင်ခွင့် ရတဲ့ ကုမ္ပဏီကိုလည်းရွေးပြီးပြီဖြစ်လို့ အမြန်ဆုံးလုပ်ဆောင်ဖို့လုပ်နေပါတယ်။ ကုမ္ပဏီကို ပြန်ပြီးရွေးချယ်မှုတွေ လုပ်လိုက်တဲ့အခါမှာ ကြန့်ကြာမှုတွေရှိသွားတယ်။ နည်းပညာပိုင်းဆိုင်ရာအချက်အလက်တွေကို သေချာလေးလုပ်နေပါတယ်။ ဒီအခြေအနေအတိုင်းဆိုရင် လာမယ့်နှစ် နောက်သုံးလမှာ မိတ်ဆက်နိုင်မှာပါ" ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ခရီးသည်တင်ယာဉ်များတွင် ယာဉ်စီးခထည့်ရသော ငွေထည့်ပုံး (Cashbox) များ တပ်ဆင်အသုံးပြုသည့် စနစ်အစား YRTA နှင့် Yangon Payment Service (YPS) ၏ ကဒ်စနစ်ဖြင့် ငွေပေးခြေမှုစနစ်အား မကြာခင် ပြောင်းလဲအသုံးပြု၍ ယာဉ်စီးခကောက်ခံသွားမည်ဖြစ်သည်။

Author