ယခုလအတွင်း ယာဉ် အစီး ၄ဝဝဝ တွင် စတင်စမ်းသပ်တပ်ဆင်သွားမည့် YBS ကဒ်စနစ်

0

Full article

ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိနေသည့် ခရီးသည်တင် YBS ယာဉ်လိုင်းများတွင်ယာဉ်စီးခအကြွေပေးချေသည့် စနစ်အစား ကဒ်စနစ်ကို ယခုလအတွင်း ကားအစီးရေ ၄ဝဝဝ ၌စတင် စမ်းသပ်တပ်ဆင်သွားမည်ဖြစ်ကြောင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုးက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် သတင်းမီဒီယာများအားပြောခဲ့သည်။

ခရီးသည်တင် YBS ယာဉ်လိုင်းများတွင် ယာဉ်စီးခ ပေးချေသည့် ကဒ်စနစ်YPS (Yangon Payment System) စနစ်အား တပ်ဆင်ရန် Asia Starmar Transport Intelligent ကုမ္ပဏီမှ တင်ဒါအောင်မြင်သူအဖြစ်ရွေးချယ်ထားရှိရာ MOU လက်မှတ်ရေးထိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"YBS ကဒ်စနစ်အတွက်လုပ်ဖို့ အကုန်လုံး အဆင်သင့်လည်းဖြစ်နေပါပြီ။ ဗဟိုဘဏ်ကလည်း ခွင့်ပြုချက်ရပြီဆိုတော့ YBS ကနှစ်နှစ်ပြည့် အခမ်းအနားမှာ လုပ်ဆောင်သွားမယ့်အကြောင်း ကြေညာဖို့ရှိတယ်၊ ဒီကဒ်က ဘယ်လိုကြောင့်ကြာနေရတာလဲ ဆိုတာကိုလည်း သေချာရှင်းပြပါမယ်။ မြို့ထဲမှာပြေးဆွဲနေတဲ့ ကားတွေကို နမူနာအရင်စမ်းသပ်ပြမယ်၊ အဲဒါပြီးရင် ဖြည်းဖြည်းချင်း စတင်တပ်ဆင်မယ်။ ဒီကဒ် စနစ်နဲ့ ပြည်သူအကုန်လုံးအကျွမ်းဝင်သွားရင် သွားတဲ့အကွာအဝေး အတိုင်း တွက်ပြီး ပေးရမယ်၊အဲဒီအခါ ၁၅ဝ ပဲဖြစ်ချင်ဖြစ်မယ်၊ ကဒ်နဲ့သုံးရင် ၁၈ဝ ကျချင်ကျမယ်၊ ၂ဝဝ ဖြစ်ချင်ဖြစ်မယ်၊ ပြည်သူအတွက် ရာခိုင်နှုန်းတစ်ခုသက်သာအောင် လုပ်သွားမယ်။" ဟု ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုးက ပြောသည်။

ယာဉ်လိုင်းကုမ္ပဏီများမှ လက်ရှိကောက်ခံနေသည့် ယာဉ်စီးခနှုန်းထားများမှာ ၁ဝဝကျပ်၊၂ဝဝကျပ်၊ ၃ဝဝ ကျပ် နှင့် ၅ဝဝ ကျပ်ကောက်ခံနေပြီး တူညီမှုမရှိသော်လည်း ကဒ်စနစ်စတင်ပါက ယာဉ်စီးခနှုန်းထားများ တူညီသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ခရီးသည်တင် YBS ကားများတွင်ယာဉ်စီးခပေးချေရသော ကဒ်စနစ်တပ်ဆင်ရန် ယာဉ်အစီးရေ ၄ဝဝဝ တွင် ကနဦး တပ်ဆင်သွားမည်ဖြစ်ရာ ကဒ်စနစ်အတွက်အသုံးပြုသွားမည့် ကဒ်ပြားပေါင်း၂ သန်းခန့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Author

Comments