သင်္ကြန်ရက်ရှည်ရုံးပိတ်ရက်များအတွင်း အဝေးပြေးယာဉ်လိုင်းများ၌ လုံလောက်မှုမရှိပါက YBS ကားများဖြင့် အင်အားဖြည့်ပြေးဆွဲသွားမည့်အပြင် ယာဉ်ကြောပိတ်ဆို့မှုနည်းပါးစေရန် ကြီးကြပ်ကွက်ကဲမှုရုံးခန်းများ ဖွင့်လှစ်ဆောင်ရွက်သွားမည်

0

Full article

သင်္ကြန်ရက်ရှည်ရုံးပိတ်ရက်များအတွင်း ရန်ကုန်မှ ဧရာဝတီတိုင်းဘက်သို့ပြေးဆွဲသည့် အဝေးပြေးယာဉ်လိုင်းများ၌ လုံလောက်မှုမရှိပါက YBS ကားများဖြင့် အင်အားဖြည့်ပြေးဆွဲသွားမည်ဖြစ်ပြီး အဝေးပြေးယာဉ်ရပ်နားဝင်းများတွင် ယာဉ်ကြောပိတ်ဆို့မှုများ နည်းပါးစေရေးအတွက် ကြီးကြပ်ကွက်ကဲမှုရုံးခန်းများ ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ပြီးခဲ့သော သောကြာနေ့တွင် ပြုလုပ်ခဲ့သော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ပြောကြားခဲ့သည်။

ရန်ကုန်မှနေ၍ နှစ်စဉ်တရားဝင်ရုံးပိတ်ရက်ရှည်ကာလမတိုင်မီနှင့် ရုံးပိတ်ရက်ရှည်ကာလများအတွင်း နယ်မြို့အသီးသီးသို့ သွားရောက်လိုသည့်ခရီးသွားများအား လွယ်ကူချောမွေ့စွာသွားလာနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မည်ကဲ့သို့ ကြိုတင်စီမံသွားမည်ကိုသိရှိလိုပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း နှစ်စဉ်တရားဝင် ရုံးပိတ်ရက်ရှည်ကာလမတိုင်မီနှင့် ရုံးပိတ်ရက်ကာလများအတွင်း အဝေးပြေးယာဉ်ရပ်နားစခန်းများတည်ရှိရာ ဝန်းကျင်နေရာများ၌ ခရီးသွားယာဉ်များ ဝင်ထွက်မှု အထူးများပြားခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်စဉ်များအား လျော့နည်းစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကိုသိရှိလိုပါကြောင်း၊ မတ်လ ၁ ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်း အဝေး၌ ဒဂုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ မေးခွန်းများကို ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

"ရန်ကုန်မြို့ရဲ့ လက်ရှိအဝေးပြေးယာဉ်လို်င်းတွေဖြစ်တဲ့ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားကွင်း၊ ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားကွင်း တည်ရှိမှုအနေအထားတွေအရ ယာဉ်အစီးရေသွားလာမှုများပြားလာရင် ယာဉ်ကြောကြပ်တည်းမှု ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ နှစ်စဉ်ရုံးပိတ်ရက်တွေဖြစ်တဲ့ ကာလတွေမှာ ယာဉ်များသွားလာမှု၊ ယာဉ်များပိတ်ဆို့မှု စသည့်တို့ကိုလေ့လာစုံစမ်းကြည့်ပြီး တစ်နှစ်ထက်တစ်နှစ် လျော့နည်းအဆင်ပြေအောင် ဆောင်ရွက်ပေးနေပါတယ်။ ဒီနှစ်မှာလည်း ယခင်နှစ်က အခက်အခဲတွေကို လေ့လာပြီးတော့ ယခုနှစ်မှာ ပိုမိုချော့မွေစေရန် စီမံဆောင်ရွက်ထားဖို့ ကြီးကြပ်အကောင်အထည်ဖော်ရေးအတွက် ညွှန်ကြားဆောင်ရွက်ထားပါတယ်။ ဒါပေမဲ့ ရုံးပိတ်ရက်ကာလတွေမှာ မြို့အထွက်မှာသော်လည်းကောင်း၊ မြို့အဝင်မှာသော်လည်းကောင်း ယာဉ်ကြောပိတ်တာကတော့ နိုင်ငံတကာမှာလည်းဖြစ်လေ့ဖြစ်ထရှိတာဖြစ်ပေမယ့် ကျွန်မတို့ဘက်က တက်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရက်ရှည်ရုံးပိတ်ရက်တွေအတွင်း အဝေးပြေးရပ်နားနေရာတွေမှာ ကြီးကြပ်ကွက်ကဲပြီးတော့အုပ်ချုပ်နိုင်ဖို့ကိုလဲ ကျွန်မတို့ကြီးကြပ်ရေးအဖွဲ့အနေနဲ့ ရုံးခန်းဖွင့်လှစ်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးကဲ့သို့ နီးစပ်သော တိုင်းဒေသကြီး ခရီးသွားများကို YBS ယာဉ်လိုင်းများကနေ အင်းအားဖြည့်ပြီး ပေါင်းစပ်ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။ YBS ယာဉ်လိုင်းတွေက CNG နဲ့ပြေးဆွဲတာ ဖြစ်တဲ့အတွက် ဧရာဝတီတိုင်းလိုမျိုး နီးစပ်တဲ့ တိုင်းတွေအတွက်ကတော့ YBS ယာဉ်လိုင်းတွေက CNG နဲ့ပြေးဆွဲတာ အဆင်ပြေပါတယ်။ ဒီထက်ဝေးတဲ့ ဒေသတွေကိုတော့ CNG နဲ့ပြေးဆွဲဖို့ အဆင်မပြေတဲ့အတွက် အခြားသော နည်းလမ်းတွေနဲ့ အင်အားဖြည့် ပေါင်းစပ်ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ပြန်လည်ဖြေကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် တစ်နှစ်ထက်တစ်နှစ် ခရီးသွားများ အခက်အခဲနည်းပြီး ချောမွေ့စွာ သွားလာနိုင်ရန် အလေးထား ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ယခုနှစ်တွင်လည်း သက်ဆိုင်ရာအဝေးပြေးယာဉ်လိုင်းများမှ ကြိုတင်လက်မှတ်ရောင်းချစဉ်ကထဲက ခရီးသွားအင်အား၊ အခြေအနေများကို သုံးသပ်နိုင်ရန် စီမံထားပြီး မီးရထားလမ်းကြောင်းများကိုလည်း တိုးချဲ့ပြေးဆွဲနိုင်ရန် ညှိနှို်င်းစီမံခြင်းများ ပြုလုပ်ထားကြောင်း ဝန်ကြီးမှဆက်လက် ဖြေကြားသွားခဲ့သည်။

နှစ်စဉ်နှစ်တိုင်း သင်္ကြန်ရက်မတိုင်မီအချိန်များအတွင်း ရန်ကုန်တိုင်းမှတစ်ဆင့် ပြည်နယ်နှင့်တိုင်းဒေသအသီးသီးသို့ နေရပ်ပြန်ကြရာတွင် အဝေးပြေးယာဉ်လိုင်းများ ယာဉ်အစီးရေနှင့်စီးနင်းသူခရီးသည်ဦးရေ မလောက်ငှမှုများနှင့် အဝေးပြေးလတ်မှတ်ဝယ်ယူ မရရှိမှုပြဿနာများ၊ ယာဉ်စီးခများ အဆမတန်ကောက်ခံနေမှုပြဿနာများရှိနေပြီး အဝေးပြေးဝင်းနေရာများ၌ ယာဉ်ကြောပိတ်ဆို့မှုမှာလည်း ဆိုးဆိုးရွားရွား ဖြစ်ပေါ်လေ့ရှိသည်။

Author