နောက်မလုပ်ရဲအောင် ပိုမိုထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်ခံရတော့မည့် စည်းကမ်းဖောက်ဖျက် YBS ကားများ

0

Full article

ရန်ကုန်မြို့တွင် ပြေးဆွဲနေသော စည်းကမ်းဖောက်ဖျက်သည့် YBS ကားများကို ယခုသတ်မှတ်ထားသည့် စည်းကမ်းချက် ၁၃၈ ချက်နှင့် ပြန်လည်ပြင်ဆင်ချက်များအား နောက်ထပ်တစ်ကြိမ် မကျူးလွန်နိုင်အောင် ပိုမိုထိရောက်သော ပြစ်ဒဏ်ချမှတ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ YRTA မှသိရသည်။

စည်းကမ်းဖောက်ဖျက်သော ခရီးသည်တင် YBS ကားများအား ပြစ်ဒဏ်ချမှတ်သော စည်းကမ်းချက်များတွင် ယခင် မထသ လက်ထက်က ကျင့်သုံးခဲ့သော စည်းကမ်းချက် ၁၃၈ ချက်မှအချို့ကို ပြန်လည် ပြင်ဆင် ကျင့်သုံးမည်ဖြစ်ရာ ထိရောက်သော ပြစ်ဒဏ်များ အသစ်ပြင်ဆင်သည့် အချက်များ ပါဝင်ကြောင်း သိရသည်။

"YBS ကားတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ စည်းကမ်းချက်တွေ၊ ပြစ်ဒဏ်တွေ၊ အသစ်ပြန်ဆင်တာတွေ လုပ်နေတယ်။ စည်းကမ်းချက် ၁၃၈ ချက်ထက်ကို နောက်တစ်ကြိမ် မကျူးလွန်ရဲအောင် ထိရောက်တဲ့ ပြစ်မှုပြစ်ဒဏ်တွေချမှတ်ဖို့ စည်းကမ်းချက်တွေလည်းရှိတော့ ထိထိရောက်ရောက် လုပ်နိုင်ဖို့ လုပ်နေတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်ဖွဲ့ YRTA မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ခရီးသည်တင် YBS ကားများ ပြေးဆွဲပေးနေသောယာဉ်လိုင်းများတွင် ကုမ္ပဏီပိုင် ယာဉ်လိုင်းများထက် တစ်ဦးချင်းပိုင်ယာဉ်လိုင်းများက စည်းကမ်းဖောက်ဖျက်မှု အများဆုံးဖြစ်နေပြီး တစ်ဦးချင်းပိုင် ယာဉ်လိုင်းများကိုလည်း ပြောင်းလဲမှုများပြုလုပ်သွားမည်ဖြစ်သည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ကားများကို အရေးယူဆောင်ရွက်နေသော်လည်း အရေးယူနေသည့် ကြားထဲက ထပ်မံပြီးကျူးလွန်မှုများ ရှိနေသည့်အတွက် ပြစ်ဒဏ်များကို တိုးမြှင့်ရန်နှင့် အရေးယူမှုများကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးတွင်ပြောဆိုထားခဲ့သည်။

Author