YBS ယာဉ်များတွင် ခရီးသည်စီးနင်းမှုကျဆင်းနေသော်လည်း ယာဉ်စီးရေ အင်အားပြည့်ဖြင့် ပြေးဆွဲရန်ဆောင်ရွက်သွားမည်

0

Full article

YBS ယာဉ်များတွင် ခရီးသည်စီးနင်းမှုကျဆင်းနေသော်လည်း ယာဉ်စီးရေ အင်အားပြည့်ဖြင့် ပြေးဆွဲရန်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ယာဉ်များကိုလည်း ပြတင်းပေါက်မှန်ဖွင့်ပြီးမောင်းနှင်ရန်နှင့်၊ air conditioning ကိုချိန်ဆပြီးအသုံးပြုရန်ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။


“အရင်တုန်းကတော့ တစ်ရက်ကို ယာဉ်စီးရေ ၄,၃၀၀ ကနေ ၄,၅၀၀ ကြား ပြေးဆွဲခဲ့ပြီး၊ ခရီးသွားပြည်သူ ၁.၈ သန်းခန့်ကို နေ့စဉ် ပို့ဆောင်ခဲ့ပါတယ်။ အခုအခါမှာတော့ ပြည်သူလူထုကလည်း သွားလာမှုကို ကန့်သက်လာတဲ့အတွက် ကျွန်တော်တို့ယာဉ်တွေပေါ်မှာ ခရီးသည်လိုက်ပါမှုဟာ ကျဆင်းလာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ယာဉ်တွေရဲ့ ပြေးဆွဲမှုကို မလျော့အောင် အင်အားပြည့်ပြေးဆွဲခြင်းစနစ်နဲ့ ပြေးဆွဲပေးနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ယာဉ်မှတ်တိုင်နဲ့၊ ယာဉ်တွေပေါ်မှာ လူတွေစုပုံပြီး လူစုလူဝေးဖြစ်ပေါ်ခြင်းကို တစ်နည်းအားဖြင့် လျှော့ချလိုတဲ့အတွက်ဖြစ်ပါတယ်။ နောက်တစ်ခုက အခု ကျွန်တော်တို့ယာဉ်တွေကို ညွှန်ကြားချက်တစ်ခုထုတ်ထားပါတယ်။ ကျွန်တော်တို့ကားတွေဟာ အဲယားကွန်းစ် ကားတွေဖြစ်ပေမဲ့ အခုအချိန်မှာ ပြတင်းပေါက်မှန်တွေ ဖွင့်ပြီးမောင်းဖို့ကို ညွှန်ကြားထားပါတယ်။ ပြတင်းပေါက်အသေ ဖြစ်တဲ့ကားတွေကိုလည်း အဲယားကွန်း ကို ချိန်ဆပြီး အသုံးပြုဖို့ကို ပြောထားပါတယ်။ လေဝင်လေထွက် ကောင်းမွန်ခြင်းဖြင့် ဒီဗိုင်းရပ်စ် ကို ကာကွယ်ခြင်းဆိုတဲ့ ရယ်ရွယ်ချက်နဲ့ဖြစ်ပါတယ်။”

ဟု YRTA ၏ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားခဲ့သည်။


ထို့အပြင် YBPC ယာဉ်လိုင်းကုမ္ပဏီမှ မှန်လုံကားများကို ပြေးဆွဲခြင်းကို ရပ်နားထားသည်ဟူသည့် လတ်တလော လူမှုကွန်ရက်စာမျက်နှာတွင် ထွက်ပေါ်နေသော သတင်းမှာလည်း မဟုတ်မှန်ကြောင်း YRTA တွဲဖက်အတွင်းရေးမှူးမှ ထပ်မံပြောကြားခဲ့သည်။

Author