YBS ယဉ်ပေါ်၌ ခြိမ်းခြောက်ငွေတောင်းယူသော အမျိုးသား ၂ဦးအား ဖမ်းဆီးအရေးယူ

0

Full article

လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ညောင်တုန်းလမ်း၊ မီးခွက်ဈေးမှတ်တိုင်၌ သြဂုတ် ၂၁ ညနေ ၆ နာရီအချိန် ခန့်တွင် YBS 20 ခရီးသည်တင်ယဉ်ပေါ်သို့ တက်ကာ ခြိမ်းခြောက်ငွေတောင်းယူခဲ့သော အမျိုးသားနှစ်ဦး အား လှိုင်သာယာမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်းသိရသည်။ လှိုင်သာယာမြို့နယ်၊ ဒဂုံ-ဧရာအဝေးပြေးယဉ်ဘက်မှ အောင်ဇေယျတံတားဘက်သို့ ရန်ကုန်-ညောင်တုန်း လမ်းအတိုင်း မောင်းနှင်လာသော YBS ခရီးသည်တင်ယဉ်မှာ မီးခွက်ဈေးမှတ်တိုင်၌ ခရီးသည်အတင်အချ ပြုလုပ်နေစဉ် ဝါးလုံးတုတ်ကိုင်ဆောင်ထားသော အမျိုးသားနှစ်ဦးက ယဉ်ပေါ်သို့ တက်ရောက်လာ၍ ယဉ် မောင်းထံကနေ ငွေကျပ် ၁ဝဝဝ ခြိမ်းခြောက်တောင်းယူခဲ့သည်။
ယဉ်မောင်းကလည်း ၎င်းထံတွင် မရှိကြောင်းနှင့် ပိုက်ဆံပုံးအတွင်း၌သာ ထည့်စီးရကြောင်း ပြန်လည်ပြော ဆိုရာ အဆိုပါ အမျိုးသားနှစ်ဦးက မပေးနိုင်ပါက ရိုက်မည်ဟု ခြိမ်းခြောက်ပြောဆိုပြီး ခရီးသည် ၂ ဦးထံမှ ၂ဝဝ ကျပ်တန် (၂) ရွက်၊ ငွေကျပ် ၄ဝဝ ကို ယူဆောင်သွားခဲ့သည်။

သြဂုတ် ၂၂ တွင် ယင်းအဖြစ်အပျက်နှင့်ပတ်သက်၍ အဆိုပါယဉ်လိုင်းကုမ္ပဏီ၏ ရုံးအုပ်ဖြစ်သူ ဦးမင်းလွင်၏ တိုင်ကြားချက်အရ လှိုင်သာယာမြို့မရဲစခန်းသည် (ပ)၃၂ဝ၁/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၈၆ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခဲ့ရာ သြဂုတ် ၂၃ ညနေ ၆ နာရီခွဲတွင် လှိုင်သာယာမြို့နယ်၊ (၁၄) ရက်ကွက်နေ ရန်ရှင် (၂၁နှစ်) အားလည်းကောင်း၊ ၆ နာရီ ၄၅ မိနစ် အချိန်တွင် ထန်းတပင်မြို့နယ်နေ သီဟစိုး (၃ဝနှစ်) အား လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ပါသည်။
ယခုအခါတွင် ဖမ်းဆီးရမိသူ ရန်ရှင်းနှင့် သီဟစိုးတို့(၂)ဦးအား စစ်ဆေးလျက်ရှိပြီး အခြား လုယက်မှုများ ကျူးလွန်ထားခြင်းရှိ/မရှိ ဆက်လက် စစ်ဆေးဆောင်ရွက်မှုများပြုလုပ်လျက်ရှိသည်။ YBS 20 ယဉ်သည် Omni Focus General Service Co.,Ltd ပိုင် ကုမ္ပဏီဖြစ်ပြီး ယခုအခင်းဖြစ်ပွားပြီးနောက် Omini Focus က သက်ဆိုင်ရာ ရဲစခန်းသို့ video file ဖြင်လည်း ကောင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ YRTA သို့လည်းကောင်း အသိပေးတိုင်ကြားမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ခေတ်သစ်

Unicode Version


Author