YBS ကားများ ညဘက် မပြေးဆွဲရခြင်းက လုံခြုံရေးအကာအကွယ် မရှိဟု လမ်းပန်းဝန်ကြီး ဒေါ်နီလာကျော်ဆို

0

Full article

![](/redline/content/images/2017/05/e-300x200.jpg)

YBS ကားများကို ညဘက်ပြေးဆွဲခြင်းကို ကြားကားများ၏ ရန်ပြုခြင်းများ၊ နှောင့်ယှက်ခြင်းများရှိနေပြီး လုံခြုံရေး အကာအကွယ်မရှိသောကြောင့် မပြေးဆွဲရခြင်း ဖြစ်တာ်လို့ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားထားခဲ့သည်။ YRTA ဥက္ကဋ္ဌ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ယင်းကဲ့သို့ ညဘက်လုံခြုံရေးကြောင့် အချို့သော နေရာများကို ကားမဝင်ရဲပါ ဆိုသည်ကိစ္စအပေါ် လက်မခံနိုင်ကြောင်းလည်း အင်းစိန် မဲဆန္ဒနယ်အမှတ်(၂) လွတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောကြားသည်။ ဦးဝေဖြိုးဟန်က ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို ယခုထက် ပိုမို ကောင်းမွန်လာစေရေးနှင့် ထိရောက်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်းလုပ်ဆောင်ချက်များကို အများပြည်သူ သိရှိနိုင်ရေး ပွင့်လင်းမြင် သာမှုရှိစွာ ချပြနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၂၆)ဦးက ဆွေးနွေးခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားသည်။ ကျွန်မတို့မှာလည်း ညပိုင်းဆိုလို့ရှိရင် ကြားကားတွေက ရန်ပြန် ပြုတာမျိုးတွေ ဥပမာအားဖြင့် တောင်ဒဂုံမြို့နယ်(၃၆) ရပ်ကွက်ဆိုရင် ညဘက်တွေ YBS ကားတွေ မဝင်ရဲပါဘူး။ မဝင်ရဲဘူးဆိုတာ ကျွန်မတို့ YBS စနစ်ကို နှောက်ယှက်တဲ့သူတွေ၊ အရင်စနစ်ကိုပဲ ပြေးဆွဲချင်တဲ့ သူတွေက အမျိုးမျိုး ရန်ပြု တဲ့အတွက် လုံခြုံရေး အကာအကွယ် ပြည့်စုံလုံလောက်စွာ မရှိတဲ့အခါမှာ ညဘက်တွေဆိုရင် တချို့သော ရပ်ကွက်တွေကို မဝင်ရဲတာ ဖြစ်ပါတယ် လို့ ဝန်ကြီးဒေါ်နီလာကျော်က ပြောခဲ့ပါတယ်။ လက်ရှိ YBS စနစ်ကို စတင်အကောင်အထည်ဖော်သည့်အချိန်တွင် ယာဉ်လိုင်းပေါင် ၆၁ လိုင်းဖြင့် ဇန်နဝါရီလ ၁၆ ရက်က စတင်ခဲ့သော်လည်း လက်ရှိအချိန်ထိ ယာဉ်လိုင်းပေါင်း ၇၉ လိုင်း၊ ကုမ္ပဏီပေါင်း ၈ ခုတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိကြောင်း သိရပါတယ်။

ခေတ်သစ်

Photo Credit

Author