_ Photo Credit_
ရန်ကုန်မြို့တွင် ပြေးဆွဲနေသော ခရီးသည်တင် YBS ယာဉ်လိုင်းများကို ၂ဝ၁၇ အကုန်တွင် အများပိုင် စနစ်ပြောင်းလဲမည်ဖြစ်ပြီး တစ်ဦးချင်းပိုင် ယာဉ်လိုင်းများနှင့် ခရီးသည်များအား ဝန်ဆောင်မှု မပေးနိုင်သည့် ယာဉ်လိုင်းများကို ယခုလတွင် စစ်ဆေးသွားမည်ဟု စက်တင်ဘာ ၁၅ ၌ ကျင်းပပြုလုပ်သော အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်လိုင်း ရှစ်လပြည့် အစည်းအဝေးတွင် ရန်ကုန် တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဖြိုးမင်းသိန်းက ပြောကြားသွားခဲ့သည်။
"ယာဉ်လိုင်းတွေကို စစ်ဆေးသွားမယ်။ အများပိုင်စနစ်ကို မဖြစ်မနေ အကောင်အထည်ဖော်သွားမယ်။ ယာဉ်လိုင်းတွေက အများပိုင် စနစ်မပြောင်းနိုင်ရင်တော့ ဖျက်သိမ်းရမှာပါ"ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိမှာ ခရီးသည်တင်ယာဉ်လိုင်း ကုမ္ပဏီ ၁၇ ခုထိရှိနေရာ ထိုကုမ္ပဏီများ၏ ခရီးသည်ဝန်ဆောင်မှုပေးနေမှုအခြေအနေများနှင့် ယာဉ်လမ်းကြောင်းတွေကို စစ်ဆေးသွားမည်ဟု သိရသည်။
အချို့သော ယာဉ်လိုင်းများကလည်း အရှုံးပေါ်မှုများရှိနေ၍ ကုမ္ပဏီပိုင်ယာဉ်လိုင်းများမှာ ပေါင်း၍ ပြေးဆွဲခြင်းများ ပြုလုပ်ရန် စီစဉ်နေသည်ဟု သိရသည်။
ခေတ်သစ်