YBS စနစ် တစ်နှစ်အတွင်း ၇ဝ ရာခိုင်နှုန်းအထိ အောင်မြင်၊ ယခုထက်ပိုမိုအောင်မြင်အောင်လုပ်ဆောင်မည်ဟု လမ်းပန်းဝန်ကြီး ကတိပေး

0

Full article

ရန်ကုန် သယ်ယူပို့ဆောင်ရေး YBS စနစ် အကောင်အထည်ဖော်သည့် တစ်နှစ်တာကာလအတွင်း ၇ဝ ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး ယခုထက်ပိုမိုအောင်မြင်အောင် လုပ်ဆောင်မည်ဟု ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှု YBS တစ်နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားတွင် စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ကတိပြု ပြောကြားသွားခဲ့သည်။

"ရန်ကုန်မြို့ရဲ သယ်ယူပို့ဆောင်ရေးစနစ်ဘတ်စ်ကားစနစ်ကို အောင်မြင်အောင် ဆောင်ရွက်သွားမယ်၊ မအောင်မြင် စရာ အကြောင်းမရှိပါဘူး။ ပြည်သူ့အတွက်လုပ်တာ ဖြစ်တဲ့အတွက် အောင်မြင်အောင်ဆောင်ရွက်သွားမယ်။ ကျွန်မတို့အနေနဲ့ ပြည်သူတွေကို ကတိပြုနိုင်တာက ဒီလုပ်ငန်းကြီးကို အောင်မြင်အောင်ဆောင်ရွက်သွားမယ်လို့ ကျွန်မတို့အနေနဲ့ ကတိပြုပါတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှု YBS တစ်နှစ်ပြည့်အခမ်းအနားတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေး YBS ဘတ်စ်ကားစနစ် စတင်ခဲ့သော တနှစ်တာပြည့်မြောက်သည့် အချိန်တွင် YBS စနစ် လုပ်ဆောင်မှုသည် ၇ဝ ရာခိုင်နူန်းအထိအောင်မြင်ခဲ့ကြောင်း အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားခဲ့သည်။

ထပ်မံ၍ YBSဘတ်စ်ကားမှတ်တိုင်များကို နိုင်ငံတကာအဆင့်မီမှတ်တိုင်များအဖြစ် အဆင့်မြှင့်တင်ရန် လိုအပ်ပြီး လုပ်ငန်းလုပ်ကိုင်လိုသည့် ပြည်တွင်းပြည်ပကုမ္ပဏီများကို တင်ဒါခေါ်ယူခဲ့ကြောင်း သိရသည်။

Author