YBS စနစ် ၁ နှစ်ပြည့်သော်လည်း အောင်မြင်မှုမရှိဘဲ ယာဉ်လိုင်းအများစု အရှုံးပေါ်ရေရှည်ရပ်တည်ရန် ခက်ခဲလာ

0

Full article

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်သယ်ယူပို့ဆောင်ရေးယာဉ်လိုင်း YBS စနစ် ၁ နှစ်ပြည့်သော်လည်း အောင်မြင်မှုမရှိဘဲ ယာဉ်လိုင်းအများစု အရှုံးပေါ်နေလျှက်ရှိပြီး ရေရှည်ရပ်တည်ရန် ခက်ခဲလာနေကြောင်း YBS ကားများပြေးဆွဲနေသော ကုမ္ပဏီ ယာဉ်လိုင်းများက သိရသည်။

"YBS စနစ်စတင်တာ တစ်နှစ်ပြည့်တော့မယ်။ ထင်သလောက် မအောင်မြင်ဘူး။ ယာဉ်လိုင်းတွေက လည်း အရှုံးပေါ်လာတယ်။ ကားအစီးရေက ၃ဝဝဝ နေရာမှာ နှစ်ဆလောက်ရှိတဲ့ ကားတွေ အစီး ၆ဝဝဝလောက်ဆွဲနေတယ်။ ခရီးသည်တွေကလည်း ယာဉ်စီးခ ပေးတာရှိသလို မပေးဘဲစီးတာတွေလည်းရှိလာတယ်။ ယာဉ်လိုင်းထောင်တာ အမြတ်က ဘဏ်တိုးလောက်တောင် မရတဲ့ ယာဉ်လိုင်းတွေ ရှိတယ်။ နည်းပညာနဲ့ လူတွေရဲ့ စရိုက်တွေလည်း ပြင်ဖို့လိုတယ်။ စီးပွားရေး မကောင်းတော့ စရိုက်တွေလည်း အမျိူးစုံဖြစ်လာနေတယ်။"ဟု YBS ယာဉ်လိုင်း ပြေးဆွဲနေတဲ့ ကုမ္ပဏီယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

YBS ယာဉ်များတွင် ငွေ့ထည့်ပုံးများထားရှိရန် သတ်မှတ်ထားသော်လည်း ယာဉ်စီးခကို စပါယ်ယာများက လိုက်လံကောက်ခံမှုများနှင့် စည်းကမ်းမဲ့ အပြိုင်အဆိုင် အလုအယက်မောင်းနှင်မှုများရှိနေသေးရုံမျှမက အဲယားကွန်းတပ်ဆင်ထားသောကားများမှာ အဲယားကွန်းများမဖွင့်ဘဲ မောင်းနှင်နေသည့် ယာဉ်များစွာ ရှိနေပြီး အရေးယူမှုလည်း အားနည်းနေသေးကြောင်းသိရသည်။

ရန်ကုန်မြို့ ခရီးသည်သယ်ယူပို့ဆောင်ရေးကို တာဝန်ယူဆောင်ရွက်နေသော မထသ အားဖျက်သိမ်း၍ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွက်ကဲမှု အာဏာပိုင်အဖွဲ့အား ပြန်လည်ဖွဲ့စည်းထားပြီး ရန်ကုန်တိုင်းဒေသကြီး စက်မှု၊လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ဥက္ကဌ တာဝန်ယူထားကာ ပညာရှင်များ၊ ယခင်မထသ အဖွဲ့ဝင်များဖြင့် စီမံကြီးကြပ်ကွပ်ကဲနေကြောင်း သိရသည်။

Author