YBS ယာဉ်ဟောင်းများအပ်နှံပါက လူစီးစလစ်ထုတ်ပေးမည့်ကိစ္စနှင့်စပ်လျဉ်းပြီး လက်ရှိတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ဆွေးနွေးလျက်ရှိ

0

Full article

၁၉၉၉-၂၀၀၃ ခုနှစ်မော်ဒယ် YBS ယာဉ်ဟောင်းများ အပ်နှံပါက လူစီးစလစ်ထုတ်ပေးမည့်ကိစ္စနှင့်စပ်လျဉ်းပြီး လက်ရှိတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ဆွေးနွေးလျက်ရှိနေပြီး မူဝါဒအားဖြင့် သဘောတူထားကြောင်းသိရသည်။

“အကြမ်းဖျင်းတော့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ စကားပြောနေပြီ။ မူဝါဒအားဖြင့်တော့ သဘောတူထားတယ်။ သို့သော် နောက်ပိုင်းမှာဘယ်လိုပုံစံနဲ့ အပ်နှံရမယ်ဆိုတာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြန်ကြားရမယ်။ အဲဒီအပေါ်မူတည်ပြီး ဆက်လက်လုပ်ဆောင်ရမှာပါ။ ရှိတဲ့ကားအားလုံးအပ် ဆိုတဲ့အချက်၊ ဒါမှမဟုတ် ယာဉ်ပိုင်ရှင်ဆန္ဒအရဆိုတဲ့ အချက်ပေါ်မူတည်ပြီး ကားအရေအတွက်ကိုတော့ မပြောနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ ယာဉ်တွေကိုအစိုးရအဖွဲ့က စိစစ်ဦးမယ်။ ပြီးရင် ပို့/ဆက် နဲ့ညှိမယ်။ အခုပြောနိုင်တာကတော့ ကုန်းလမ်းပို့ဆောင်ရေးနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ကတော့ သဘောထားမှတ်ချက်ပေးနေပြီ။ ဒါကို YRTA ကိုစာပြန်မယ်။ အဲဒီအခါကျ အားလုံးကိုအသိပေးသွားမှာပါ။” ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ထံမှသိရသည်။

YBS ယာဉ်လိုင်းများတွင် ကြံ့ခိုင်မှုနှင့် ဝန်ဆောင်မှုအားနည်းနေသည့် ယာဉ်အို/ဟောင်းများကို ဖယ်ရှားသည့်အနေဖြင့် မည်သည့်တိုင်းနှင့်ပြည်နယ်တွင်မှာ မရှိသောအခွင့်အရေးတစ်ရပ်အနေဖြင့် ၁၉၉၉ မှ ၂၀၀၃ ခုနှစ်ထုတ် YBS ယာဉ်ဟောင်းများကိုအပ်နှံပါက လူစီးစလစ်ထုတ်ပေးရန် YRTA မှ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြခဲ့ခြင်းဖြစ်သည်။

Reporter : Zing

Author