YBS ယာဉ်များတွင်တပ်ဆင်ထားသော Telematics စက်များကို နည်းလမ်းပေါင်း ၁၀၀ ကျော်ဖြင့် ဖျက်ဆီးကြိုးစားနေကြကြောင်း

0

Full article

YBS ယာဉ်များတွင်တပ်ဆင်ထားသော Telematics စက်များကို နည်းအမျိုးမျိုးဖြင့် ဖျက်ဆီးရန်ကြိုးစားနေကြသော အခြေအနေများရှိနေပြီး နည်းလမ်းပေါင်း ၁၀၀ ကျော်ဖြင့် ဖျက်ဆီးကြိုးစားနေကြကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ Managing Director ဦးအောင်ညီညီမော်က ပြောကြားခဲ့သည်။


“ဒီ Telematics စက်တွေဟာ နည်းပညာအသုံးပြုပြီး ယာဉ်တွေကိုစောင့်ကြည့်ဖို့အတွက် စီစဉ်ဆောင်ရွက်ပေးထားတာ ဖြစ်ပါတယ်။ ဒီအခါမှာ မသမာကိစ္စရပ်တွေဖြစ်ဖြစ်၊ နယ်ကျော်ပြေးဆွဲချင်တာပဲဖြစ်ဖြစ် တစ်ခုခုကို လုပ်ချင်တဲ့သူတွေက ဒီစက်ပစ္စည်းတွေကို နည်းမျိုးစုံနဲ့ဖျက်ဆီးနေကြတယ်ဆိုတာ တွေ့ရှိရပါတယ်။ ဒီလိုဖျက်ဆီးခံရတာပဲဖြစ်ဖြစ်၊ ပုံမှန် မဟုတ်တော့တာဘဲဖြစ်ဖြစ် စတာတွေအတွက် ရှင်စောပု ကွင်းမှာ ဒီယာဉ်တွေကို ပုံမှန်စစ်ဆေးမှုတွေလည်း ဆောင်ရွက်ပေးနေပါတယ်။ ဒီစက်ပစ္စည်းတွေ စတင်တပ်ဆင်တဲ့ကာလမှာ စက်တွေကို Seal တွေနဲ့ပိတ်ထားပါတယ်။ ဒါမှသာ ဒီပစ္စည်းတွေကို ဘယ်လိုလုပ်တယ်၊ ဘယ်လိုပုံစံလုပ်တယ်ဆိုတာ သိရမှာပါ။ ဒီစက်တွေကို နည်းပေါင်းစုံနဲ့ ပျက်ဆီးအောင်ဆောင်ရွက်နေကြပါတယ်။ ကျွန်တော်ပြောရဲပါတယ်။ နည်းပေါင်း ၁၀၀ ကျော်လောက်နဲ့ မပျက် ပျက်အောင် ဖျက်ဆီးနေကြတယ်ဆိုတဲ့ အခြေအနေကိုကျွန်တော်တို့ဆီမှာ တွေ့ရှိရပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့ ယာဉ်လိုင်းနဲ့ ယာဉ်တွေကိုလည်း ခေါ်ယူသတိပေးတာတွေကို ဆောင်ရွက်ရပါတယ်။ နောက်ပိုင်းမှာတော့ ဒီထက်ပိုပြီး တင်းကြပ်စွာ စီမံဆောင်ရွက်သွားဖို့လည်းရှိပါတယ်။”

ဟု YRTA ၏ Managing Director ဦးအောင်ညီညီမော်က ပြောကြားခဲ့သည်။


YBS ယာဉ်များကို နည်းပညာဖြင့်စောင့်ကြည့်ထိန်းချုပ်ရန်အတွက် Telematics စက်များကို YBS ယာဉ်များတွင်တပ်ဆင်ထားပြီး သက်ဆိုင်ရာယာဉ်လိုင်းကုမ္ပဏီက စောင့်ကြည့်ထိန်းချုပ်သလို YBO (Yangon Bus Operator) ကလည်းစောင့်ကြည့်ထိန်းချုပ်နေကြောင်း သိရသည်။

Author