YBS မီနီဘတ်စ်ကားများ မြို့ပြင်သို့ပြောင်းရွှေ့၍ စီးတီးဘတ်စ်ယာဉ်ကြီးများဖြင့် အစားထိုး ပြေးဆွဲပေးသွားမည်

0

Full article

ရန်ကုန်မြို့တွင်း YBS ယာဉ်လိုင်းများတွင် ပြေးဆွဲနေသော မီနီဘတ်စ် ကားများကို မြို့ပြင်နေရာများသို့ပြောင်းရွှေ့၍ ၎င်းတို့နေရာတွင် စီးတီးဘတ်စ် ယာဉ်ကြီးများဖြင့် မကြာခင် အစားထိုး ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့မှ သိရသည်။

လက်ရှိ ရန်ကုန်မြို့တွင်း ပြေးဆွဲနေလျက်ရှိသော ခရီးသည်တင်ယာဉ်များအားလုံးကို မကြာခင် ယာဉ်စီးခပေးချေသော ကဒ်စနစ် တပ်ဆင်အသုံးပြုတော့မည်ဖြစ်ရာ မီနီဘတ်စ်ကားများမှာ တံခါးတစ်ပေါက်ပါကားများဖြစ်သောကြောင့် ခရီးသည်အတက်အဆင်းနှင့် ကဒ်စနစ်လုပ်ဆောင်ရာတွင်အခက်အခဲရှိနေသဖြင့် ထိုမီနီဘတ်စ်ကားများနေရာတွင် စီးတီးဘတ်စ်ယာဉ်ကြီးများဖြင့် အစားထိုးပြေးဆွဲပေးသွားမည်ဖြစ်ပြီး မီနီဘတ်စ်များကိုမူ မြို့အစွန်နေရာများသို့ ပြောင်းလဲပြေးဆွဲရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

"မီနီဘတ်စ်ကားတွေကို မကြာခင် မြို့ပြင်နေရာတွေကို ပြောင်းလဲပြေးဆွဲဖို့လုပ်သွားမှာပါ။ YBS ကားတွေမှာ ယာဉ်စီးခပေးတဲ့ ကဒ်စနစ်လုပ်ရင် တံခါးတစ်ပေါက်ပဲပါတဲ့ မီနီဘတ်စ် ကားတွေအတွက်အခက်အခဲရှိတယ်။ အဲဒီကားတွေနေရာမှာ စီးတီးဘတ်စ်ကားတွေနဲ့ အစားထိုးပြေးဆွဲပေးမှာပါ။" ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ခရီးသည်တင် မီနီဘတ်စ် ကားအစီးရေ ၄ဝဝ နီးပါး ရှိနေပြီး ယခင်က မြို့လယ်ခေါင်တွင် ဝင်ရောက်ပြေးဆွဲနေခြင်းကို ယခုနောက်ပိုင်းတွင် တဖြည်းဖြည်းကန့်သတ်ခဲ့ပြီး နောက်ပိုင်းတွင် ထိုကားများကို စည်ပင်သာယာနယ်နိမိတ် ပြင်ပများတွင်သာ ပြေးဆွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

Author

Comments