YBS ခရီးသည်တင်ယာဉ်များ နယ်ကျော် အော်ဒါလိုက်မောင်းနှင်ပါက ယာဉ်လိုင်းပြေးဆွဲခွင့် နှင့် CNG ထုတ်ယူခွင့် ပိတ်သိမ်းမည်

0

Full article

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် YBS ကားများ အောက်ဆိုဒ်ကားများကဲ့သို့ နယ်ကျော် မောင်းနှင်ပါက ယာဉ်လိုင်းပြေးဆွဲခွင့်နှင့် CNG ထုတ်ယူခွင့်ကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်ထံကနေ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင်ယာဉ်များ လုပ်ငန်းလိုင်စင် လုပ်ကိုင်ခွင့်ပေးရာတွင် ရန်ကုန်မြို့တွင်းသာ ပြေးဆွဲခွင့်ပြုထားပြီး နယ်ကျော်မောင်းနှင်နေသည့် ယာဉ်များကို ပြေးဆွဲခွင့်မပြုထားဘဲ ပြေးဆွဲပါက ယာဉ်လိုင်းပြေးဆွဲ ခွင့်နှင့် CNG ထုတ်ယူခွင့်ကို ပိတ်သိမ်းအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

"တစ်ချိူ့ YBS ကားတွေက နယ်ကျော်ပြီးပြေးဆွဲနေတာရှိနေတယ်။ အရင်ကတော့ ဒဏ်ကြေးနဲ့ပဲ အခု ယာဉ်လိုင်းပြေးဆွဲတာနဲ့ CNG ကိုလည်း ပိတ်သိမ်းသွားမယ်။"ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBSယာဉ်များ နယ်ကျော်ပြေးဆွဲကာ အော်ဒါလိုက်မှုများရှိနေသည့်အတွက် ဇူလိုင် ၁၁ ရက်နေ့တွင် နယ်ကျော်ပြေးဆွဲခဲ့သောယာဉ် ၂၅ စီးကို အရေးယူခဲ့ကြောင်း သိရသည်။

Law Enforcement

Author