COVID-19 ‌ကြောင့် YBS ယာဉ်လိုင်းများပြေးဆွဲခြင်းကို ရပ်နားရန် အစီအစဉ်မရှိကြောင်း YRTA တွဲဖက်အတွင်းရေးမှူးမှ ပြောကြား

0

Full article

လတ်တလောဖြစ်‌‌ပေါ်နေသည့် COVID-19 ကြောင့် YBS ယာဉ်လိုင်းများပြေးဆွဲခြင်းကို ရပ်နားရန်အစီအစဉ်မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးညွှန်ကြားမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။

“လက်ရှိဖြစ်ပွားနေတဲ့ COVID-19 နဲ့ပတ်သက်ပြီး YRTA အနေနဲ့ ဘယ်လိုစဉ်းစားထားသလဲဆိုတော့ ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်းပြောကြားခဲ့ပါတယ်။ ပြည်သူများအတွက်မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ဈေးများနှင့် ဈေးဝယ်စင်တာများ ပိတ်သိမ်းရန်အစီအစဉ်မရှိ ဆိုတဲ့အချက် ပါ ပါတယ်။ ကျွန်တော်တို့ရဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆိုတာကလည်းပြည်သူလူထုအသုံးပြုနေတဲ့ ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ တချို့ကလည်းမေးပါတယ်။ လူစုလူဝေးဖြစ်ပေါ်စေတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ပိတ်သိမ်းမလားဆိုပြီးမေးကြပါတယ်။ ပိတ်သိမ်းလို့လည်းမရတဲ့လုပ်ငန်းတစ်ခုပါ။ ဆောင်ရွက်ရမယ့်လုပ်ငန်းအဆင့်ဆင့်ကို ညွှန်ကြားချက်တွေနဲ့အညီ ဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ လိုက်လျောညီထွေမှုရှိတဲ့ ပြေးဆွဲမှုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာပါ”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားခဲ့သည်။


YBS ယာဉ်လိုင်းများတွင် ယခင်က နေ့စဉ်ယာဉ်အစီးရေ ၄,၃၀၀ ဝန်းကျင်ဖြင့်ပြေးဆွဲခဲ့ပြီး ခရီးသည်ဦးရေ ၁.၈ သန်းကျော်ကို နေ့စဉ်ပို့ဆောင်ပေးခဲ့သော်လည်း ယခုအခါ လတ်တလောဖြစ်ပွားနေသော ဗိုင်းရပ်စ်ရောဂါကြောင့် ခရီးသည် လိုက်ပါစီးနင်းမှု ကျဆင်းလာသော်လည်း ပြေးဆွဲမှုအင်အားကို လျှော့ချသွားမည်မဟုတ်ဘဲ အင်းအားပြည့်ပြေးဆွဲသွားမည်ဖြစ်ကြောင်း YRTA ထံမှသိရသည်။

Author