YBS တစ်နှစ်ပြည့် တွင်ပြေးဆွဲနေသော ကားအစီးရေ အတိအကျ ထုတ်ပြန်ပေးမည်

0

Full article

YBS စနစ်စတင်မှု တစ်နှစ်ပြည့်တွင် ယာဉ်လိုင်းတွင်ပြေးဆွဲနေသည့် ကားအစီးရေကို အတိအကျထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ထံကနေ သိရသည်။

ရန်ကုန်မြို့ ခရီးသည်သယ်ယူပို့ဆောင်ရေးကို စီမံကြီးကြပ်၍ တာဝန်ယူဆောင်ရွက်နေသော မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ (မထသ)ကို ဖျက်သိမ်းပြီး ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၆ တွင် ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွက်ကဲမှု အာဏာပိုင်အဖွဲ့အား ပြန်လည်ဖွဲ့စည်းထားရှိခဲ့ရာ လာမည့် ၂ဝ၁၈ ဇန်နဝါရီ ၁၆ တွင် တစ်နှစ်ပြည့်မည်ဖြစ်သည်။

"မနက်ဖြန်ကျရင် ယာဉ်လိုင်းမှာ ပြေးဆွဲနေတဲ့ကားအစီးရေ စာရင်းတွေအတိအကျထုတ်ပြန်ပေးမှာပါ။ အမှန်တစ်ကယ် ရှိတဲ့ကားစာရင်းက ၃၈ဝဝ လောက်ပဲရှိတာပါ။ ယာဉ်ပိုင်ရှင် တွေပြောနေသလို ကားအစီး ၆ဝဝဝ လောက်ရှိတယ်ဆိုတာ မဟုတ်ပါဘူး။" ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

YBS စနစ်လုပ်ဆောင်ခဲ့သော တစ်နှစ်တာကာလအတွင်း ထိရောက်စွာ အောင်မြင်မှူမရှိသေးဘဲ ပြေးဆွဲနေသော ယာဉ်လိုင်းများက ကားအစီးရေစာရင်းကို အတိအကျ ထုတ်ပြန်ပေးနိုင်ခြင်း မရှိသေးကြောင်း ယာဉ်လိုင်းပြေးဆွဲနေသူများက ဆိုသည်။

ခရီးသည်တင် YBS ယာဉ်လိုင်းအစီးရေသိရှိနိုင်ရန်အတွက် မကြာခဏစာရင်းများ ကောက်ယူနေသော်လည်း ၁၉၉၅ မိုဒယ်ကနေ ၁၉၉၈ မိုဒယ်အထိ ကားများကို အပ်နှံခွင့်ပေးထားပြီး နောက်ပိုင်း ကားဟောင်းအပ်နှံသူများနှင့် ကားသစ်များဝင်ရောက် ပြေးဆွဲမှုများရှိပြီး ကားအစီးရေ စာရင်းအတိအကျကိုတော့ မရရှိကြောင်းသိရသည်။

P-01

Author