ရန်ကုန်တိုင်း စည်ပင်နယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနင်းခွင့် မပြုထားသော်လည်း လိုင်စင်မဲ့ဆိုင်ကယ်များ စီးနင်းမှုပိုမိုများပြားလာနေ

0

Full article

ရန်ကုန်တိုင်းစည်ပင်နယ်နိမိတ်မြို့နယ်များအတွင်း ဆိုင်ကယ်စီးနင်းခွင့် မပြုထားသော်လည်း လိုင်စင်မဲ့ဆိုင်ကယ်များ စီးနင်းမှုပိုမိုများပြားလာနေပြီး ထိရောက်စွာဖမ်းဆီးအရေးယူမှု မပြုလုပ်သေးကြောင်း ရန်ကုန်မြို့အတွင်း မော်တော်ယာဉ် မောင်းနှင်အသုံးပြုသူအများစုက ဝေဖန်နေကြသည်။ ရန်ကုန်ဆင်ခြေဖုံးဒေသများဖြစ်သော ဒဂုံမြို့သစ် ၄ မြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာမြို့သစ် မြို့နယ်များတွင် တိကျသည့် စည်းကမ်းသတ်မှတ်ချက်များဖြင့် မော်တော်ဆိုင်ကယ်ကို စီးနင်းခွင့်ပြုပါရန် လွှတ်တော်တွင်တင်ပြထားခဲ့သော်လည်း ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ အဋ္ဌမနေ့တွင် ဆိုင်ကယ်စီးနင်းခွင့် ပြုရန်အဆိုအား အတည်ပြုဆွေးနွေးရန်သင့်/မသင့်ကို ပြည်သူ့လွှတ်တော်ဥက္ကဌမှ စက်ခလုပ်နှိ်ပ်စနစ်ဖြင့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံဆန္ဒမဲ ၅ဝ မဲ၊ ကန့်ကွက်ဆန္ဒမဲ ၂၆၅ မဲနှင့် ကြားနေမဲ ၃ မဲ ရရှိခဲ့သည်။ ကန့်ကွက်သူများ၍ အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန်မရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်က ကြေညာထားရှိပြီးဖြစ်သည်။

"ရန်ကုန်စည်ပင်နယ်နိမိတ်တွေမှာတောင် ဆိုင်ကယ်စီးတာတွေ အခုနောက်ပိုင်းအရမ်းများလာတယ်။ လိုင်စင်မဲ့ ဆိုင်ကယ်တွေ ဖမ်းမယ်ဆိုရင်လည်း ထိထိရောက်ရောက်လုပ်ပါ။ ပြောတုန်းခဏပဲ နောက်ပြီးဖမ်းတာမျိုးမရှိလို့ အားလုံးတရားဝင်လို စီးလာကြတာ။ စီးခွင့်ပေးမယ်ဆိုရင်လည်း ဘယ်နေရာတော့ စီးခွင့်ပေးမယ်ဆိုတာ သတ်သတ်မှတ်မှတ်လုပ်ပေးလိုက်။ အခုက တရားဝင်လိုလိုနဲ့ လျှပ်စစ်စက်ဘီးတွေရော လိုင်စင်မဲ့ဆိုင်ကယ်တွေပါစီးနေကြပြီ။ ကားနဲ့ဆိုင်ကယ် မတော်တဆ ဖြစ်လာနိုင်တယ်။ ကားမောင်းသူတွေကလည်း ဆိုင်ကယ်တွေရှောင်ပြီး မောင်းနေရတယ်။ ဆိုင်ကယ်တွေကလည်း နံပါတ်ပြားလည်း မတပ်ထားကြတော့ မြို့လည်ခေါင်မှာ မြင်ရတာအဆင်မပြေဘူး။" ဟု ဗိုလ်တထောင်မြို့နယ်တွင်နေထိုင်သူ ဦးမိုးအောင်လင်းက ပြောသည်။

ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးနင်းခွင့်မရှိသော စည်ပင်သာယာနယ်နိမိတ်မြို့နယ်များတွင် ဆိုင်ကယ်စီးနင်းမှုဖမ်းဆီးခဲ့ရာ ၂ဝ၁၅ ခုနှစ် အတွင်း ၅,၄၆ဝ စီး၊ ၂ဝ၁၆ ခုနှစ်အတွင်း ၄,ဝ၃၇ စီး၊ ၂ဝ၁၇ ခုနှစ်အတွင်း ၄,၇၆၁ စီး၊ ၂ဝ၁၈ ခုနှစ်အတွင်း ၄,၆၄၈ စီးအထိ ဖမ်းဆီးရမိထားခဲ့ရာ ၂ဝ၁၈ ခုနှစ်အတွင်း ဆိုင်ကယ်စီးနင်းမှုကြောင့် ဖြစ်ပွားသော ယာဉ်တိုက်မှုပေါင်း ၆၁၃ မှုအထိဖြစ်ပွားခဲ့ပြီး ထိုသို့ ၂ဝ၁၈ ခုနှစ်တွင် ဆိုင်ကယ်ကြောင့်ဖြစ်ပွားသောယာဉ်တိုက်မှုမှာ ယခင်နှစ်များထက်ပင် များပြားလာနေလျက်ရှိကြောင်း ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့စာရင်းများအရ သိရသည်။

Author

Comments