Yangon Water Bus ကို ယခင်နှင့်မတူသည့် ပုံစံသစ်ဖြင့် ပြန်လည်ပြေးဆွဲရန် ပြင်ဆင်ဆောင်ရွက်နေပြီး ဆက်လုပ်ရန်အင်အားရှိနေသေးသရွေ့ ဆက်လက်လုပ်ဆောင်သွားမည်

0

Full article

Yangon Water Bus ကို ယခင်နှင့်မတူသည့် ပုံစံသစ်ဖြင့် ပြန်လည်ပြေးဆွဲရန် ပြင်ဆင်ဆောင်ရွက်နေပြီး မိမိအနေဖြင့် ဆက်လုပ်ရန်အင်အားရှိနေသေးသရွေ့ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်မှ ပြောကြားခဲ့သည်။

“အခု စင်ကာပူကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေပါတယ်။ ပြန်လည်ဖွင့်လှစ်တဲ့အချိန်မှာ စင်ကာပူကုမ္ပဏီရဲ့စနစ်အတိုင်းပြန်သွားမယ်။ Payment တွေကိုလည်း KBZ pay , CB pay တွေနဲ့သွားမယ်။ အခုနောက်ကျနေတာကလည်း payment စက်တွေတပ်ဆင်နေတဲ့ပြင်သစ် ကုမ္ပဏီက နောက်ထပ်တစ်လလောက်အချိန်လိုအပ်တယ်လို့ပြောတဲ့အတွက် နည်းနည်းကြာနေရတာပါ။ နောက် ကျွန်မတို့အရင်ကသုံးခဲ့တဲ့ ဆိပ်ခံဘောတံတားတွေဟာ အတော်လေးကိုချို့ယွင်းနေပါပြီ။ ရေအောက်တွေကိုလည်းနစ်မြုပ်နေပါတယ်။ ဒါတွေကိုလည်း အားလုံးကိုပြန်ရောင်းလိုက်ပါပြီ။ နောက်တစ်ခုက သင်္ဘောအစုတ်တွေပါ။ ကျွန်မတို့အရင်ကအသုံးပြုခဲ့တဲ့ ပြည်တွင်းမှာတည်ဆောက်ခဲ့တဲ့ သင်္ဘောတွေဟာ လိုအပ်ချက်ကြောင့်သာ တည်ဆောက်ခဲ့ရပေမဲ့ ကျွန်မတို့ရဲ့ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့အတွက် ဒီသင်္ဘောတွေအားလုံးကို ပြန်ရောင်းတဲ့ဟာရောင်း၊ ဧရာဝတီတိုင်းကို ပို့တဲ့ဟာပို့ လုပ်ခဲ့ပါတယ်။ အခုလက်ရှိမှာ ထိုင်းနဲ့ စင်ကာပူကနေ ရေယာဉ်သစ် ၇ စင်းနဲ့ပြန်လည်ပြေးဆွဲပါ့မယ်။ ယခင်နဲ့မတူတဲ့ ပုံစံအသစ်နဲ့ပြန်လည်ပြေးဆွဲဖို့ ဆောင်ရွက်နေပါတယ်။ ဟိုတလောကပဲ ပြည်ထောင်စုအဆင့် ညွှန်ကြားချက်အရ YRTA ကနေ ကျွန်မတို့အလိုရှိနေတဲ့ ငမိုးရိပ်ချောင်းမှာရှိတဲ့ လိုအပ်ချက်တွေကို ချက်ချင်းအကောင်အထည်ဖော်ပေးဖို့အတွက် ဆိပ်ခံတံတားနေရာအချက်အလက်တွေကို လာတောင်းသွားပါတယ်။ ဒါတွေရရင်ကျွန်မတို့အတွက် အတိုင်းထက်အလွန်ပါပဲ။ ဒါတွေပြန်လည်တည်ဆောက်ဖို့အတွက် အချိန်တစ်ခုတော့လိုပါတယ်။ ကျွန်မအနေနဲ့ လုပ်ဖို့အင်အားကျန်နေသေးသ၍ water Bus ကိုဆက်လုပ်သွားမှာပါ”

ဟု တင့်တင့်မြန်မာ ကုမ္ပဏီ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်မှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ Sedona Hotel တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။


Yangon Water Bus ပြန်လည်ပြေးဆွဲချိန်တွင် ရေယာဉ်၁၄ စင်းအနက်မှ အင်းစိန်လမ်းကြောင်းတွင် ၂စင်း၊ ငမိုးရိပ်လမ်းကြောင်းတွင် ၅ စင်း၊ ပေါင်း ၇ စင်းဖြင့် ပြေးဆွဲသွားရန်စီစဉ်ထားကြောင်းသိရသည်။

Author