Yangon Urban Public Transportation Public Co.,Ltd (YUPT) မှ ဆုံးရှုံးနစ်နာမှုခံစားနေကြရသော ရှယ်ယာရှင်များ၏ သတင်းစာရှင်းလင်းပွဲကျင်းပ

0

Full article

ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးအများနှင့်သက်ဆိုင်သော Yangon Urban Public Transportation Public Co.,Ltd (YUPT)  မှ ဆုံးရှုံးနစ်နာမှုခံစားနေကြရသော ရှယ်ယာရှင်များ၏ သတင်းစာရှင်းလင်းပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ Olympic Tower ရှိ၊ Myanmar Press Freedom Center တွင်ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားတွင် ရှယ်ယာရှင်များက ၎င်းတို့အနေဖြင့် မထသ စနစ်မှ YBS စနစ်စတင်ချိန်တွင် ရှယ်ယာများထည့်ဝင်ကာ စတင်ပါဝင်ခဲ့ကြောင်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ယခင်က လစဉ်ရှယ်ယာအမြတ်များကို ထုတ်ပေးသွားမည်ဟုဆိုခဲ့သော်လည်း သုံးနှစ်ကျော်ချိန်အထိ အမြတ်ငွေများမရသည့်အတွက် ၎င်းတို့အနေဖြင့် အခက်အခဲများဖြင့်ရင်ဆိုင်နေရကြောင်း၊ YRTA  (၃) နှစ်ပြည့်အခမ်းအနားတွင် ဝန်ကြီးချုပ်က ၅ နှစ်နေမှ အရင်းကြေမည်၊ အရင်းကြေမှ အမြတ်ရမည်ဟု ပြောဆိုခဲ့ကြောင်း၊ အကယ်၍ ၅နှစ်ကျော်ကြာမှ အမြတ်ရမည်ဆိုသည်ကို ယခင်ကတည်းကသိရှိခဲ့ပါက ၎င်းတို့အနေဖြင့် ရှယ်ယာထည့်ဝင်ခဲ့မည်မဟုတ်ကြောင်း၊ ထိုသို့အမြတ်ခွဲဝေမပေးနိုင်ပါက ရှယ်ယာများကို ပြန်လည်ထုတ်ပေးရန်  YRTA  ထံတောင်းဆိုခဲ့ကြောင်း၊  ရှယ်ယာများကိုပြန်လည်ထုတ်ပေးမည်ဟု ဆိုခဲ့သော်လည်း သုံးလကျော်ကြာသည့်တိုင် မထူးခြားသည့်အတွက် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီတွင်လည်း စီမံခန့်ခွဲမှုအမှားများကြောင့် ယာဉ်စီးရေ ၅၀၀ ခန့်တွင် နေ့စဉ် အစီးရေ ၁၈၀ ခန့်မှာ ပျက်နေသည့်အတွက်မပြေးဆွဲနိုင်ကြောင်း၊ ထို့အပြင် ၁၀၅ စီးခန့်မှာလည်း ဒီဇယ်ဖြင့်မောင်းနှင်ပြေးဆွဲရသည့်အတွက် ရပ်နားထားရကြောင်း စသဖြင့် ရှယ်ယာရှင်တစ်ဦးဖြစ်သူ ဦးထွန်းဦး က ပြောကြားခဲ့သည်။


ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးအများနှင့်သက်ဆိုင်သော (YUPT) ကုမ္ပဏီလီမိတက် တွင် ရှယ်ယာရှင်ပေါင်း ၂၂၉ ဦးပါဝင်ပြီး မြန်မာကျပ်ငွေ ၅ ဘီလီယံကျော်ခန့် ရင်းနှီးမြုပ်နှံထားကြောင်းသိရသည်။

Author