ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ မီဒီယာများနှင့်တွေ့ဆုံပြီး ပြည်သူလူထုထံသို့ အသိပေးရှင်းလင်းခြင်းအခမ်းအနား (၃/၂ဝ၁၉)

0

Full article

ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ မီဒီယာများနှင့်တွေ့ဆုံပြီး ပြည်သူလူထုထံသို့ အသိပေးရှင်းလင်းခြင်းအခမ်းအနား (၃/၂ဝ၁၉) ကို ၂ဝ၁၉ ဇွန်လ ၁၉ ရက်နေ့တွင် လေးထောင့်ကန်လမ်းရှိ YRTA ရုံးချုပ်တွင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် YRTA ၏ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်၊ managing director ဦးအောင်ညီညီမော်နှင့် YRTA အဖွဲ့ဝင် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံးဓါတ်ငွေ့ဌာနမှ အထွေထွေမန်နေဂျာ ဦးလှဝင်းဌေး တို့က YRTA ၏ ဆောင်ရွက်ချက်များကို မီဒီယာများသို့ ရှင်းလင်းတင်ပြခဲ့ကြသည်။ ရှေးဦးစွာ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ YRTA အနေဖြင့် လာမည့် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်နှင့် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်များတွင် YBS စနစ်ကို ကုမ္ပဏီပိုင်အခန်းမှ ကဏ္ဍသို့ပီပြင်စွာပြောင်းလဲသွားရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း E-payment စနစ်ကိုလည်း Asia Starmar Transport Intelligent Co.,Ltd. နှင့် ပူးပေါင်းကာ အမြန်ဆုံးအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ မိုးပျံရထားလမ်းစီမံကိန်းနှင့် ယာဉ်ရပ်နားဝင်းများ၊ Transit-Oriented Development စနစ်များကိုလည်း YRTA မှ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ကုန်စည်ပို့ဆောင်ရေးကဏ္ဍအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုန်တင်ယာဉ်ကြီးများ မှတ်ပုံတင်ပေးရေးကို တိုးမြှင့်ဆောင်ရွက်သည့်အပြင် logistics နှင့်ပတ်သက်သော ကုမ္ပဏီများ၊ အဖွဲ့အစည်းများ ပေါ်ပေါက်လာရေးကိုလည်း ကြိုးပမ်းနေကြောင်း၊ အဝေးပြေးယာဉ်လိုင်းကဏ္ဍ အတွက်လည်း အဝေးပြေးကွင်းများကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ Yangon Bus Operator (YPO) ကဏ္ဍတွင်လည်း ယာဉ်လိုင်းများအနေဖြင့် control rooms များတည်ဆောက်ပြီး ကိုယ့်ယာဉ်လိုင်းကိုယ် ထိန်းသိမ်းသည့်စနစ်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းနှင့် ကျောင်းကားစနစ် ပီပြင်စွာပေါ်ပေါက်ရေးကိုလည်း အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် YRTA ၏ Managing Director ဦးအောင်ညီညီမော်မှ "ယခုအခါ YBS ယာဉ်လိုင်းများမှ ယာဉ်မောင်းများကို ယာဉ်မောင်း smart card များစတင်ထုတ်ပေးတော့မည်ဖြစ်ကြောင်း၊ အဆိုပါ smart card များသည် RFID (Radio-frequency identification) card  ဖြစ်ပြီး ယာဉ်မောင်း၏ data အချက်အလက်များကိုထည့်သွင်းထားကြောင်း၊ ကဒ်များကို ယာဉ်လိုင်းတစ်လိုင်းချင်းစီ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဇွန်လကုန်မှစတင်ကာ ကုမ္ပဏီများသို့ စတင် ပေးသွားမည်ဖြစ်ကြောင်း၊ YBS ယာဉ်မောင်း smart card နှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြခဲ့သည်။ ထို့ပြင် school bus များနှင့် စပ်လျဉ်းပြီး ဇန်နဝါရီလ ၃ ရက်နေ့မှ ယနေ့ထိ ကျောင်းကားစုစုပေါင်း ၉၂ စီးကို ကျောင်း ၁၂ ကျောင်းတွင်ပြေးဆွဲပေးနေပြီး ကျောင်းသား/သူ စုစုပေါင်း ၁၈၂၆ ဦးကို ကြို/ပို့ နေကြောင်း၊ ကျောင်းကားများထပ်မံပြေးဆွဲပေးရန် တင်ပြတောင်းဆိုခြင်းများ ရှိလာသဖြင့် စာရင်းကောက်ယူကာ ပြေးဆွဲသွားမည့်လမ်းကြောင်းများရေးဆွဲနေကြောင်း ပြောကြားခဲ့သည်။

ထို့နောက် YRTA ၏ အဖွဲ့ဝင် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံး ဓါတ်ငွေ့ဌာနမှ အထွေထွေမန်နေဂျာ ဦးလှဝင်းဌေး မှ CNG ဓါတ်ငွေ့ဆိုင်များနှင့်ပတ်သက်ပြီး လက်ရှိ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံး ဓါတ်ငွေ့ဌာနမှ CNG ဓါတ်ငွေ့ရောင်းချနေမှုအခြေအနေများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ကာ နောက်ဆုံးတွင် တက်ရောက်လာသော မီဒီယာအသီးသီးမှ သိလိုသောမေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

Zing

Author