ဒလမြို့နယ်မှ အခြားမြို့များသို့ ပြေးဆွဲနေသည့် ကားဂိတ်များကို တိုင်းဒေသကြီး ကားဂိတ်အဖြစ်ပြုလုပ်ရန် စီစဉ်နေ

0

Full article

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်မှ အခြားမြို့များသို့ ပြေးဆွဲနေသည့် ကားဂိတ်များကို အဝေးပြေးကားဂိတ် နှင့် တိုင်းဒေသကြီးအတွင်းကားဂိတ်များအဖြစ် ဆောင်ရွက်ရန် စီစဉ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ် ၊ စက်မှု ၊ လက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က မတ် ၁၂ ရက်က လွှတ်တော်အစည်းအဝေး အတွင်းပြောကြားသွားခဲ့သည်။

ဒလမြို့နယ် မှ တွံတေး ၊ ကော့မှူး ၊ ကွမ်းခြံကုန်းစသည့် မြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း တစ်ချို့မြို့ နယ်များသို့ သွားရောက်ပြေးဆွဲနေသည့် ကားလတ် ၊ ကားငယ်များကို YRTA ၏ စီမံခန့်ခွဲမှုအောက်တွင်ထည့်၍ စနစ်တကျစီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း၊ ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက မတ် ၁၂ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဠမပုံမှန်အစည်းအဝေး၌ မေးမြန်းမှုကို ဝန်ကြီးမှ အထက်ပါအတိုင်းပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

"ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်အတွင်းရှိ ဒလမြို့နယ်ဟာ ရန်ကုန်မြို့ရဲ့ တစ်ဘက်ကမ်းမှာတည်ရှိပြီး ခရီး သွားပြည်သူများသွားလာမှုတွင် ဒေသအခြေအနေအရ အခြားမြို့နယ်များကဲ့သို့ ယာဉ်ကြီးလိုင်းများနဲ့ ဆက်စပ်ပြေးဆွဲ နိုင်မှု မပြုလုပ်နိုင်သေးပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ဒလ ၊ တွံတေး ၊ ကွမ်းခြံကုန်း ၊ ကော့မှူးမြို့နယ်များမှာ CNG ဆိုင်တွေမရှိသေးတဲ့အတွက် ယာဉ်ကြီးတွေက ဒီဇယ်နဲ့ပြေးဆွဲရတဲ့အခါမှာ တွက်ခြေကိုက်မှုမရှိသေးတဲ့အတွက် ကျွန်မတို့် အနေနဲ့ ယာဉ်ကြီးလိုင်းတွေ ပြေးဆွဲပေးဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်မတို့အနေနဲ့ ဒလမြို့ နယ်ဟာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နမိတ်အတွင်းမှာ ပါဝင်နေတဲ့အတွက် ဒလဘက်ကမ်း ချယ်ရီ ကတို့ဆိပ်ခြမ်းမှာ ကျွန်မတို့ ပိုင်ဆိုင်မှုတွေစီစဉ်ပြီးတော့ စည်ပင်သာယာနှင့်ပူးပေါင်းပြီး မာစတာပလန် တစ်ခု ရေးဆွဲ လျက်ရှိ ပါတယ် ။ ကွင်းဆင်းစစ်ဆေးပြီးဖြစ်ပါတယ် ။ အဲ့ဒီမှာလဲ ကျွန်မတို့အနေနဲ့ ဒလ ချယ်ရီကတို့ဆိပ် အနီးမှာ ပြေးဆွဲနေတဲ့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးက ပိုင်ဆိုင်တဲ့မြေကွက်ကို ကျွန်မတို့ရဲ့ ကားဂိတ်ဝင်းအဖြစ် အသုံးပြု ခွင့်ရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်နေပါတယ်" ဟု ဝန်ကြီးဒေါ်နီလာကျော်က လွှတ်တော်အစည်းအဝေးအတွင်း ပြောဆိုခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ကွပ်ကဲမှု၏ စီမံမှုအောက်တွင် ဒလမှ တွံ့တေးမြို့သို့ ဝိုင်ဘီအက်စ် ၄၈ ယာဉ်လိုင်း ၊ဒလမှ ကော့မှူးမြို့သို့ YBS ၅ဝ ယာဉ်လိုင်းများဖြင့် ခရီးစဉ်လမ်းကြောင်းဖြင့် ပြေးဆွဲခွင့် ပြုထားသော တက္ကစီယာဉ်များ ၊ city taxi ယာဉ်များအဖြစ် ယာဉ်မှတ်ပုံတင်နှင့် ပြေးဆွဲလျက်ရှိကြောင်း ၊ ထိုယာဉ်လိုင်းများ အနေ ဖြင့် အကျိုးအမြတ်ရရှိမှုမရှိမှုအပေါ် မှုတည်ပြီး ပြေးဆွဲနေခြင်း ဖြစ်သည့်အတွက် ယခုအခါတွင် ရန်ကုန် တိုင်းဒေသကြီးကြီးကြပ်ကွက်ကဲမှု ဒါရိုက်တာအုပ်ချုပ်ကွပ်ကဲသည့် ယာဉ်လိုင်းများဖြင့် ပြေးဆွဲပေးရန် စီစဉ်လျက် ရှိကြောင်း သိရပါသည်။

ရန်ကုန်တိုင်းဒေသကြီးအခြေပြု ဧရာဝတီတိုင်းဒေသကြီးသို့ ပြေးဆွဲခွင့် ပြုထားသည့် ယာဉ်လိုင်း (၆) လိုင်း ရှိပြီး ထိုယာဉ်လိုင်းအနေဖြင့် ဒလမှ ဖျာပုံ ၊ ဒေးဒရဲ ၊ ဘိုကလေးမြို့များသို့ ပြေးဆွဲလျက်ရှိကြောင်း ၊ ဧရာဝတီတိုင်းဒေသကြီး အခြေပြု ယာဉ်လိုင်း (၁၄)လိုင်း အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး ၊ ကျိုက်လက် ၊ ဒေးဒရဲ ၊ ဖျာပုံ၊ ဘိုကလေး ၊ မအူပင်၊ မြောင်းမြ ၊ ဒလမြို့သို့ ပြေးဆွဲလျက်ရှိကြောင်း ထိုယာဉ်လိုင်းများကိုတော့ ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ် ကွက်ကဲမှုအောက်ရှိ အဝေးပြေး စည်းကမ်းထိန်းသိမ်းမှုအောက်တွင် ပြေးဆွဲပေးနေကြောင်း ဒေါ်နီလကျော်က ပြောကြား သွားခဲ့သည်။

regulation

Author