ပင်လယ်ဝတွင် ဆိပ်ကမ်းသစ်များတိုးချဲ့ တည်ဆောက်သွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆို

0

Full article

Photo Credit- Oscar Photograhy

ကုန်စည်စီးဆင်းမှုများ စနစ်တကျဆောင်ရွက်နိုင်စေရန် ပင်လယ်ဝဘက်တွင် ဆိပ်ကမ်းသစ်များတိုးချဲ့ တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်နေကြောင်း ထိုကဲ့သို့ ဆိပ်ကမ်းများတိုးချဲ့တည်ဆောက်နိုင်ဖို့အတွက် နိုင်ငံတကာမှကျွမ်းကျင်ပညာရှင်များနှင့်လေ့လာမှုများပြုလုပ်ကာ ဆောင်ရွက်မည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် ၁၆ ကြိမ်မြောက် ဒုတိယသမ္မတ (၁) နှင့်စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောကြားသည်။

ရန်ကုန်မြို့တွင်း၌ ယာဉ်အသွားအလာ ပြဿနာများစွာရှိခြင်းကြောင့် ရန်ကုန်မြို့ကို ဆိပ်ကမ်းမြို့ အဖြစ် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်သည့် မြို့ကြီး တစ်ခုအနေဖြင့် ဆောင်ရွက်သွားရန် မျှော်မှန်းထားပြီး ကုန်စည်များအား ရန်ကုန်မြို့ကိုအခြေပြုပြီး ပြည်တွင်း၌သာမက အိမ်နီးချင်းနိုင်ငံများသို့ ပင်လယ်ရေကြောင်းမှ ပို့ဆောင်နို်င်ရန်မျှော်မှန်းထားကြောင်းသိရသည်။

" ရန်ကုန်မြို့က ပင်လယ်ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်ပါတယ်။ ကုန်စည်စီးဆင်းမှုကို ကိုယ့်နိုင်ငံတစ်ခုတည်း စီးဆင်းနေတာမျိုးမဟုတ်ဘဲနဲ့ ကျွန်တော်တို့နဲ့ ဆက်စပ်နေတဲ့ ကုန်းတွင်းပိတ် ပြည်နယ်တွေအားလုံးကို ရန်ကုန် ကို အခြေပြုပြီး ကုန်စည်တွေစီးဆင်းနိုင်ဖို့အတွက်မျှော်မှန်းပါတယ်။ ပင်လယ်ဝဘက်ကို ဆိပ်ကမ်းသစ်တွေမကြာခင်မှာတိုးချဲ့တည်ဆောက်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လက်ရှိ တည်ဆောက်ထားတဲ့ဆိပ်ကမ်းတွေထဲကသီလဝါဆိပ်ကမ်းဟာတော့ဖွံ့ဖြိုးတိုးတက်မှုအရှိန်ရလာပြီဖြစ်ပါတယ်။ "ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆိုပါသည်။

"ကျွန်တော်တို့နိုင်ငံမှာတော့ အင်္ဂလိပ်ကိုလိုနီလက်ထက်ကတည်းက ဆိပ်ကမ်းဟာ အခုချိန်ထိပဲ ရပ်တည်သုံးစွဲနေကြရတဲ့အခြေနေဖြစ်နေပါတယ်။ စင်ကာပူနိုင်ငံဆိုရင် သူ့ရဲ့ ထုတ်လုပ်နိုင်မှုအခြေနေကအများကြီးမရှိပါဘူး။ ဒါပေမယ့် ကုန်စည်စီးဆင်းမှုအတွက် အချက်အချာကျတဲ့နေရာတစ်ခုမှာရှိတဲ့အတွက် နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာပဲ အထောက်အကူဖြစ်ပါတယ်။ဒါကြောင့် ရန်ကုန်မြို့ဟာလဲ ဒီအခြေနေကို ဆောင်ရွက်ဖို့ပြင်ဆင်နေခြင်းဖြစ်တယ်" လို့ ဝန်ကြီးချူပ်ကပြောကြားသည်။

မြန်မာနို်င်ငံရှိ ကမ်းရိုးတန်းဒေသဆိပ်ကမ်းပေါင်း ၉ ခုအထိရှိရာ ထို ၉ ခုထဲတွင် ရန်ကုန်ဆိပ်ကမ်းသည် ဖွံ့ဖြိုးတိုးတက်ဆုံးဖြစ်ပြီး မြန်မာနိုင်ငံ၏ ကုန်စည် ၉ဝ ရာခိုင်နှုန်းခန့်သည် ရန်ကုန်ဆိပ်ကမ်းမှ တစ်ဆင့် ဝင်ရောက်လာနေခြင်းဖြစ်ကြောင်းသိရပါသည်။

Author