ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်း အတွက် ကုမ္မဏီ ၁ဝ ခုကိုထုတ်ပြန်ကြေညာ မြန်မာ ကုမ္ပဏီ ၂ ခုပါဝင်

0

Full article

ရန်ကုန်မိုးပျံ အမြန်လမ်း စီမံကိန်း (YEX) Phase-I အတွက် ဆန်ခါတင်အရည်အသွေး ပြည့်မီသည့်  ကုမ္ပဏီ (၁ဝ)ခုအား ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ရာတွင် မြန်မာကုမ္ပဏီ ၂ ခုပါဝင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုများကို လျော့ချနိုင်ရန် ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ မင်္ဂလာဒုံစက်မှုဇုန် နှင့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးကို ပိုမိုလွယ်ကူစွာ သွားလာနိုင်ရန် အတွက် စုစုပေါင်း လမ်းအရှည် ၄၇ ဒသမ ၅ ကီလိုမီတာ ရှိသည့် ရန်ကုန်မိုးပျံအမြန်လမ်းမကြီးကို အကျိုးတူ ပူးပေါင်းသည့် စနစ်ဖြင့် တည်ဆောက်သွားရန်ရည်ရွယ်ထားပြီး အပိုင်းလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ ၂၇ ကီလိုမီတာ ရှည်လျားသည့် ရန်ကုန်မိုးပျံ အမြန်လမ်း အပိုင်း ( ၁ )တင်ဒါခေါ်ယူနေခြင်းဖြစ်ကြောင်းသိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ ပူးပေါင်းပြီး Public Private Partnership (PPP) အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း (YEX) Project Phase 1 အတွက် စိတ်ဝင်စားသော ရင်းနှီးမြှုပ်နှံသူများထံမှ ဆန်ခါတင်အရည်အသွေး ပြည့်မီမှုလျှောက်လွှာ (၁၂)စောင် လက်ခံရရှိထားခဲ့ရာ တင်ပြလာသော ကုမ္ပဏီ(၁၂)ခု အနက်မှ ဆန်ခါတင် အရည်အသွေးပြည့်မီသည့် ကုမ္ပဏီ(၁ဝ)ခု အမည်စာရင်းအား ဒီဇင်ဘာ ၅ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြင်သစ် ၊ ကိုရီးယား ၊ တရုတ် ၊ ဂျပန် နှင့် ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီ ၁ဝ ခုအား ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ၊ အမှတ်စဉ် ၅ ရှိ ထိုင်း၊ ဂျပန် ၊ မြန်မာ ကုမ္မဏီ အစုအဖွဲ့တွင် မြန်မာနိုင်ငံမှ ရွှေတောင် အခြေခံအဆောက်အအုံ ရင်းနှီးမြုပ်နှံမှု ကုမ္မဏီ ၊ ရွှေတောင် အဝေးပြေး ကုမ္မဏီတို့ ပါဝင်ခဲ့သည်။

အမှတ်စဉ် နံပါတ် ၉ တွင် တရုတ်မြန်မာ လုပ်ငန်းရှင်များ ပူးပေါင်း ဖွဲ့စည်းထားသည့် Denso – CSCEC Consortium (CSCEC (Myanmar ) Co., Ltd ) တို့ပါဝင်လာကြောင်း သိရသည်။

ဆန်ခါတင်အရည်အသွေး ပြည့်မီသူများအနေဖြင့် စီမံကိန်းနှင့်သက်ဆိုင်သော အချက်အလက်များနှင့် မှတ်တမ်းများကို ရယူနိုင်မှာဖြစ်ပြီး တင်ဒါအနိုင်ရရှိရန် ဆက်လက်ပါဝင်နိုင်မည် ဖြစ်သည်။

တင်ဒါအနိုင်ရရှိရန် နောက်တစ်ဆင့် အဖြစ် ကြိုတင်အရည်အသွေး ပြည့်မီသူများအား အဆိုပြုလျှောက်လွှာ (Request for Proposal) တင်သွင်းရန်ဖိတ်ခေါ်ပြီး သဘောတူညီမှုစာချုပ် (Concession Agreement) အား ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုးပျံလမ်းမကြီးလုပ်ဆောင်ရန် စီမံကိန်းဒီဇိုင်းရေးဆွဲခြင်း၊ engineering ပိုင်းဆိုင်ရာကဏ္ဍ၊ ငွေကြေးဆိုင်ရာ ဘဏ္ဍာရေးကဏ္ဍ၊ စီမံကိန်းတည်ဆောက်ခြင်း၊ စီမံကိန်းလည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာကဏ္ဍများအတွက် စီမံကိန်းကို PPP concession agreement အရ စိတ်ဝင်စားသောပြည်တွင်း၊ ပြည်ပမှရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရှာဖွေလျက်ရှိရာ PPP ရင်းနှီးမြှုပ်နှံသူရွေးချယ်မှုကို International competitive tender မှတစ်ဆင့် ယခုနှစ်ကုန်ပိုင်းတွင် စတင်သွားမည်ဖြစ်သည်။

Public Transportation

Author