Full article

ရန်ကုန်မြို့အတွင်း ယာဉ်ကြောကျပ်တည်းမှု ဖြေလျှော့နိုင်ရေးနှင့် ခရီးသွားပြည်သူများ ခေတ်မီအဆင်ပြေစေရေးအတွက် အများပိုင်ကုမ္ပဏီယာဉ်လိုင်းကို မကြာမီစတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည့် အစုရှယ်ယာဝင်များအား ဖိတ်ခေါ်ရှင်းလင်းသည့် အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်.။

ကျွန်တော်တို့ အခုစတင်အကောင်အထည်ဖော်မယ်ဆိုတဲ့ အများပိုင်ကုမ္ပဏီယာဉ်လိုင်းဟာ အမြန်ဘတ်စ်ကားစနစ်(အပေါ့စား) Bus Rapid Transit စနစ်ဖြစ်ပါတယ်.။ မော်ဒယ်မြင့် ဘယ်မောင်း ကြမ်းပြင်နိမ့် ဘေးထိုင်ခုံ အဲကွန်းပါကားများ ပြေးဆွဲသွားမှာပါ.။ Ticket လက်မှတ်နဲ့ iPay ကတ်တို့ကို အသုံးပြုသွားမှာဖြစ်တဲ့အတွက် ယာဉ်နောက်လိုက်လိုမှာ မဟုတ်ပါဘူး.။ ယာဉ်မောင်းတွေ အတွက်လည်း လုံလောက်တဲ့ ယာဉ်မောင်းလုပ်ခရရှိမှာ ဖြစ်ပါတယ်.။ ဘယ်လိုပဲဖြစ်ဖြစ် စနစ်တစ်ခုပြောင်းပြီး ခရီးသွားပြည်သူတွေအတွက် အဆင်ပြေအောင်နိုင်ငံတော်က စီစဉ်ပေးတာ ဖြစ်ပါတယ် ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြံပေး ဒေါက်တာမောင်အောင်က ပြောသည်.။

အဆိုပါ အများပိုင်ကုမ္ပဏီ (Public Private Partnership – PPP) ကို နိုင်ငံတော်က ရာခိုင်နှုန်း ၄ဝ ပါဝင်ထည့်သွင်းပြီး ပုဂ္ဂလိကမှ ရာခိုင်နှုန်း ၆ဝ ထည့်ဝင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်.။ ပုဂ္ဂလိကယာဉ်ပိုင်ရှင်များအနေဖြင့် ရှယ်ယာထည့်ဝင်လိုပါက အစုရှယ်ယာတစ်ခုလျှင် ငွေကျပ်တစ်သိန်းထည့်ဝင်ရမည်ဖြစ်ပြီး လတ်တလောတွင် အစုရှယ်ယာများကို ကန့်သတ်ထားခြင်းမရှိသေးကြောင်းနှင့် ကုမ္ပဏီတွင် (BOD) အဖွဲ့ဝင် ခုနှစ်ဦးထားရှိမည်ဖြစ်ပြီး (က) အဆင့်ရှယ်ယာဝင် လေးဦးနှင့် (ခ) အဆင့်ရှယ်ယာဝင် သုံးဦးကို ခန့်အပ်သွားမည်ဖြစ်သည်.။ အဆိုပါ ရှယ်ယာဝင်များထဲမှ အများဆုံးထည့်ဝင်ထားသည့် ရှယ်ယာရှင်ကို (BOD) အဖွဲ့၏ ဒါရိုက်တာခန့်အပ်ထားမည်ဖြစ်သည်.။ အများပိုင်ကုမ္ပဏီကို ပထမအဆင့် ထည့်ဝင်ရင်းနှီးငွေ ၂၅ ရာခိုင်နှုန်းတွင် နိုင်ငံတော်မှ ၁ဝ ရာခိုင်နှုန်းနှင့် အများပြည်သူမှ ၁၅ ရာခိုင်နှုန်းထည့်ဝင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်.။ ယခုလာမည့် အပတ်မှစတင်ကာ Bus Station များ စတင်အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်သည်.။

ကျွန်တော်တို့ အများပြည်သူအတွက် အခုပြေးဆွဲပေးမယ့် အများပိုင်ကုမ္ပဏီယာဉ်လိုင်းဟာ အသင့်တော်ဆုံးဈေးနှုန်းနဲ့ ပြေးဆွဲနိုင်အောင် စီစဉ်ပေးမှာ ဖြစ်ပါတယ်.။ ပြေးဆွဲပေးမယ့် ကားတွေအနေနဲ့လည်း လိုအပ်တဲ့ စွမ်းအင်ကဏ္ဍကို လုံလောက်အောင်ဖြည့်ဆည်းပေးဖို့ စွမ်းအင်နဲ့ ညှိနှိုင်းပြီး လုပ်ဆောင်သွားမှာပါ.။ ဒီစနစ် အောင်မြင်သွားရင်တော့ ရန်ကုန်မြို့အနေနဲ့ ယာဉ်ကြောကျပ်တည်းမှုရော၊ ခရီးသွားပြည်သူတွေအတွက်ရော၊ ယာဉ်မောင်းနဲ့ ယာဉ်ပိုင်ရှင်တွေအတွက်ပါ ကျေနပ်စရာဖြစ်လာမှာပါ ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားသည်.။

အများပိုင်ကုမ္ပဏီ ယာဉ်လိုင်းများအနေဖြင့် စတင်ပြေးဆွဲပေးရန် စီစဉ်ထားသည့် ယာဉ်လမ်းကြောင်းမှာ ထောက်ကြန့်မှ ပြည်လမ်းအတိုင်း ရှစ်မိုင်လမ်းဆုံအထိ ၎င်းမှ လမ်းကြောင်းနှစ်ကြောင်းခွဲ၍ ပြေးဆွဲပေးမည်ဖြစ်သည်.။ ပထမလမ်းကြောင်းအနေဖြင့် ရှစ်မိုင်လမ်းဆုံမှ ပြည်လမ်းအတိုင်း လှည်းတန်း၊ ပြည်လမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံ၊ ၎င်းမှ ဗိုလ်ချုပ်လမ်းအတိုင်း ဆူးလေဘုရားလမ်းအထိ၊ ၎င်းမှ ဆူးလေဘုရားလမ်းအတိုင်း ဂျိုးဖြူလမ်း၊ ကမ္ဘာအေးဘုရားလမ်းအတိုင်း ရှစ်မိုင်လမ်းဆုံအထိ Counter Clockwise Direction အတိုင်း ပြေးဆွဲမည်ဖြစ်သည်.။ လမ်းကြောင်းနှစ်အနေဖြင့် ရှစ်မိုင်လမ်းဆုံမှ ကမ္ဘာအေးဘုရားလမ်းအတိုင်း ချော်တွင်းကုန်း၊ ကုက္ကိုင်း၊ ရွှေဂုံတိုင်၊ ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းဆုံ၊ ၎င်းမှ ဗိုလ်ချုပ်လမ်းအတိုင်း ဗိုလ်တစ်ထောင်ဘုရားလမ်းဆုံ၊ ၎င်းမှ ဗိုလ်တစ်ထောင်ဘုရားလမ်းအတိုင်း ကမ်းနားလမ်းဆုံမှ ဘုန်းကြီးလမ်းဆုံ၊ ယင်းမှ မြောက်ဘက်သို့တက်၍ ပြည်လမ်းအတိုင်း ရှစ်မိုင်လမ်းဆုံအထိ Clockwise Direction အတိုင်း ပြေးဆွဲပေးမည်ဖြစ်သည်.။

ထို့အပြင် နောက်ထပ်လမ်းကြောင်းမှာ လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးမှ အမှတ် (၅) လမ်းအတိုင်း၊ ဘုရင့်နောင်တံတားမှ ကျိုင်ဝိုင်းဘုရားလမ်းအထိ၊ ယင်းမှ ရှစ်မိုင်လမ်းဆုံ ကမ္ဘာအေးဘုရားလမ်းအတိုင်း အုတ်ပုံဆိပ်အထိ၊ ၎င်းမှ သုဓမ္မာလမ်းအတိုင်း အောင်မင်္ဂလာအဝေးပြေးသို့ ဝင်ရောက်မည်ဖြစ်သည်.။ အပြန်လမ်းကြောင်းမှာလည်း လာရာအတိုင်းဖြစ်သည်.။ အဆိုပါလမ်းကြောင်းမှာ အရှည် ၂၅ ဒသမ ၆၈ ကီလိုမီတာ ရှည်မည်ဖြစ်သည်.။ နောက်ပြေးဆွဲမည့် လမ်းကြောင်းတစ်ခုမှာ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ဒဂုံတက္ကသိုလ်ဝင်းထဲမှ ဗိုလ်မှုးဗထူးလမ်းအတိုင်း သုဓမ္မာလမ်းဆုံ၊ ယင်းမှ အုတ်ပုံဆိပ်မှ ကမ္ဘာအေးဘုရားလမ်းအတိုင်း ချော်တွင်းကုန်းလမ်းဆုံ၊ ၎င်းမှ ပါရမီလမ်းအတိုင်း ငမိုးရိပ်တံတား (ပါရမီ) မှ ပင်လုံလမ်းအတိုင်း အနော်ရထာလမ်းဆုံအထိ၊ ယင်းမှ ဗိုလ်မှုးဗထူးလမ်းဆုံအတိုင်း ဒဂုံတက္ကသိုလ်သို့ ပြန်လည်ဝင်ရောက်မည်ဖြစ်သည်.။

ယင်းနောက် ကမ်းနားလမ်းနှင့် ဗိုလ်တစ်ထောင်လမ်းဆုံမှ ဗိုလ်တစ်ထောင်ဈေးလမ်းအတိုင်း မဟာဗန္ဓုလ လမ်းဆုံအထိ ယင်းမှ ယမုံနာလမ်းအတိုင်း ရှုခင်းသာမြို့ပတ်လမ်း၊ ၎င်းမှ ရတနာလမ်းအတိုင်း ပဲခူးမြစ်လမ်းဆုံအထိ၊ ၎င်းမှ သန်လျင်တံတား အမှတ်-၂ (ဒဂုံတံတား)အထိ၊ ယင်းမှ အမှတ် (၆) လမ်းအတိုင်း သန်လျင်ကျောက်တန်းလမ်းဆုံအထိ ၎င်းမှ သီလဝါ SEZ အထိ ပြေးဆွဲမည်ဖြစ်သည်.။ ယင်းမှ လာရာလမ်းအတိုင်း ကမ်းနားလမ်းနှင့် ဗိုလ်တစ်ထောင်လမ်းဆုံသို့ ပြန်လည်ဆိုက်ရောက်မည်ဖြစ်သည်.။ ရန်ကုန်မြို့အတွင်း အဆိုပါ အများပိုင်ကုမ္ပဏီယာဉ်လိုင်းပြေးဆွဲမှုကို လာမည့်အောက်တိုဘာလအတွင်း စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်.။

ယခုလက်ရှိတွင် ရန်ကုန်မြို့တွင်း နေ့စဉ်ယာဉ်လိုင်းပေါင်း ၃၆ဝ မှ ပြေးဆွဲနေသော ယာဉ်စီးရေမှာ ၃၅ဝဝ ကျော်ရှိပြီး နေ့စဉ်ခရီးသည် နှစ်သန်းခန့် လိုက်ပါစီးနင်းလျက်ရှိကြောင်း သိရသည်.။

(မြန်မာ့အလင်း)

www.myanmarcarsdb.com

No. 1 Car Site in Myanmar

Author