ရန်ကုန် မိုးပျံအမြန်လမ်းစီမံကိန်းကို ၃ နှစ်အတွင်း ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်

0

Full article

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေသော ရန်ကုန် မိုးပျံအမြန်လမ်းစီမံကိန်းကို ၂ဝ၂ဝ ခုနှစ်၊ ဇူလိုင်လတွင် စတင်တည်ဆောက်ရန် ရည်မှန်းထားပြီး ၃ နှစ်အတွင်း ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ရန်ကုန် မိုးပျံအမြန်လမ်းစီမံကိန်းကို Public Private Partnership (PPP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ စုစုပေါင်း အရှည်မှာ ၄၇ ဒသမ ၅ ကီလိုမီတာ ဖြစ်ကြောင်း၊ အပိုင်း (၁) အဖြစ် အရှေ့ဘက်ခြမ်း (၄) လမ်းသွား လမ်းမကြီး ၁၉ ကီလိုမီတာ၊ အရှေ့နှင့်အနောက် ချိတ်ဆက်ထားသော (၄) လမ်းသွား ၆ ကီလိုမီတာ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်သွယ်ထားသော (၂) လမ်းသွား ၂ ဒသမ ၅ ကီလိုမီတာ၊ စုစုပေါင်းအရှည် ၂၇ ဒသမ ၅ ကီလိုမီတာ ရှိကြောင်းသိရသည်။ စီမံကိန်းအတွက် တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်လိုသူများကို ရွေးချယ်ရန် ဆန်ခါတင် အရည်အသွေးပြည့်မီသည့် လျှောက်လွှာများ Request for Qualification (RFQ) တင်သွင်းစေပြီး ၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာလတွင် လျှောက်လွှာ ၁၂ စောင်ကို လက်ခံရရှိခဲ့ပြီး ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် လက်ခံရရှိထားသော လျှောက်လွှာ ၁၂ စောင်အား အရည်အသွေးပြည့်မီမှုကို မူတည်၍ အကဲဖြတ်ခဲ့ရာ စီမံကိန်းအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်သော အကျိုးတူ အဖွဲ့အစည်း ၁ဝ ခု ကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလတွင် ရွေးချယ်ခဲ့သည်။

ရန်ကုန် မိုးပျံလမ်းစီမံကိန်း ဆောင်ရွက်ခြင်းအားဖြင့် ရန်ကုန်မြို့တွင်း၌ တွေ့ကြုံနေရသော ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာများကို လျှော့ချပေးနိုင်မည့်အပြင် စီးပွားရေးအခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်ကာ ပြည်သူလူထု၏ လူမှုဘဝလည်း မြင့်မားလာမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း ရန်ကုန် မိုးပျံမြို့ပတ်ရထားစီမံကိန်းအား ပါရမီလမ်းကြောင်းအတိုင်း ၂ဝ၂၁ ခုနှစ်တွင် စတင်ပြေးဆွဲပေးနိုင်ရန် စီစဉ်နေလျက်ရှိရာ ရန်ကုန် တောင်-မြောက်အပိုင်းနှင့် ဒလဘက်သို့လည်းကောင်း၊ ထိုမှတဆင့် ရန်ကုန်မြို့တွင်း မြို့ပတ်ပတ်လည်ကို ၂ဝ၃၅ ခုနှစ်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားရှိပြီး အဆိုပါ ရန်ကုန်မိုးပျံမြို့ပတ်ရထားစီမံကိန်းအား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် မြန်မာ့မီးရထားတို့မှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ လက်ရှိအချိန်တွင်လည်း JICA မှ ကွင်းဆင်းလေ့မှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

Author