Full article

ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်ခဲ့ရာမှာ အားနည်းချက်တွေကြောင့် ယာဉ်မတော်တဆမှုတွေ များပြားနေလို့ လမ်းဖောက်ခဲ့တဲ့ အင်ဂျင်နီယာတွေကို လမ်းပေါ်က လူသတ်သမားတွေဆိုပြီး ဝေဖန်သံတွေ ထွက်ပေါ်နေတာ ကြားရပါတယ်။

အမြန်လမ်းမကြီးကို ဖွင့်လှစ်ခဲ့တဲ့ ၅ နှစ်နီးပါး ကာလအတွင်းမှာ ယာဉ်မတော်တဆမှုက နေ့စဉ်နဲ့အမျှ ဖြစ်နေပြီး အများစုကတော့ အရှိန်လွန် ဘရိတ်ပေါက်တာ၊ လမ်းအနေအထား မမှန်ကန်တာနဲ့ ယာဉ်မောင်း အိပ်ငိုက်တာတွေကြောင့် လက်ရှိမှာတော့ သေဆုံးသူ ၁၇ဝ ကျော်ရှိနေပြီလို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

အမြန်လမ်းမကြီး စတင် တည်ဆောက်ခဲ့စဉ်က အချိန် လိုအပ်ချက်၊ ငွေကြေး လိုအပ်ချက်တွေကြောင့် လမ်းပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိခဲ့တဲ့အပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြန်လည်သုံးသပ်ပြီး Master Plan တခု ရေးဆွဲ ဆောင်ရွက်နေကြောင်း၊ နိုင်ငံတကာ အကူအညီတွေကိုလည်း တောင်းခံထားကြောင်း သိရပါတယ်။

news_highway_low

အဲဒီ Master Plan မှာတော့ အမြန်လမ်းမကြီးကို ရှစ်လမ်းသွား ဖောက်လုပ်မှာဖြစ်ပြီး ကုန်တင်ကားကြီးတွေလည်း ဖြတ်သန်းခွင့် ရနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ခရီးသည် နားနေစခန်းတွေနဲ့ ရဲစခန်းတွေ၊ သန့်စင်ခန်းတွေကိုလည်း တိုးချဲ့ တည်ဆောက်မယ်လို့ သိရပါတယ်။

အမြန်လမ်းမကြီးမှာ အားနည်းချက်တွေ ရှိပေမယ့် နိုင်ငံတကာ အကူအညီမယူဘဲ နိုင်ငံတော် ဘတ်ဂျက်နဲ့ ပြည်တွင်းအင်ဂျင်နီယာတွေက လမ်းအရှည် ၃၆၆ မိုင်ကို ၆ နှစ်အတွင်း အပြီးတည်ဆောက်ခဲ့တဲ့အပေါ် မြန်မာပညာရှင်တွေကို နိုင်ငံတကာက အံ့သြခဲ့ရကြောင်း၊ ဒါကြောင့် အမြန်လမ်းမကြီးဟာ မြန်မာနိုင်ငံရဲ့ ဂုဏ်ယူစရာလမ်းမကြီး တခုလည်း ဖြစ်ကြောင်း အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ပြောပါတယ်။

အစိုးရသစ် လက်ထက်အတွင်း အမြန်လမ်းမကြီး ပြုပြင်နိုင်ဖို့အတွက် ဘတ်ဂျက်ကို လွှတ်တော်မှာ တင်ပြခဲ့ပေမယ့် တခြားအရေးကြီးတဲ့ ပြည်ထောင်စုလမ်းတွေအတွက် ဦးစားပေးနေရတာကြောင့် လမ်းအတွက် ဌာနဆိုင်ရာ ဘတ်ဂျက် လုံးဝ မရသေးဘူးလို့လည်း သိရပါတယ်။ အမြန်လမ်းမကြီးကို ပြန်လည် ပြုပြင်ဖို့အတွက်က ကျပ် ဘီလီယံ ထောင်ချီ ကုန်ကျ မယ်လို့လည်း သိရပါတယ်။

လမ်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူ အင်ဂျင်နီယာတွေကတော့ အမြန်လမ်းမကြီးပေါ်မှာ သစ်ပင်တွေ စိုက်တာ၊ ဆိုင်းဘုတ် လမ်းညွှန်ချက်တွေ အားနည်းတာ၊ လမ်းပိုင်းဆိုင်ရာ တည်ဆောက်မှုမှာ အားနည်းတာ၊ လမ်းပေါ် ရေဝပ်တာ၊ လမ်းဘေးခြံစည်းရိုး အကာအရံတွေ မရှိတာ၊ ခြံစည်းရိုးရှိတဲ့ နေရာကျပြန်တော့လည်း သေချာ မတပ်ထားတာ၊ လမ်းလယ်ခေါင်မှာ ချထားတဲ့ ဘလောက်တုံးတွေက တညီတညာတည်း မရှိတာတွေက ယာဉ်မတော်တဆ ထိခိုက်မှုတွေ ဖြစ်နိုင်တဲ့ အဓိက အချက်အလက်တွေ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

လမ်းအင်ဂျင်နီယာ တဦးဖြစ်သူ ဦးမောင်မောင်က အမြန်လမ်းမကြီးမှာ လမ်းတွေက အကွေ့အကောက်တွေ များနေတဲ့အပြင် တချို့နေရာတွေမှာ ၄ လမ်းသွား ဖြစ်ရာကနေ ၂ လမ်းသွား ဖြစ်သွားပြီး အဲဒီလိုနေရာတွေမှာ လမ်းညွှန်ဆိုင်းဘုတ်တွေများလည်း မရှိကြောင်း၊ ထို့ကြောင့် လမ်းအနေအထား မသိဘဲ အရှိန်ပြင်း မောင်းနေတဲ့ ယာဉ်တွေ မတော်တဆမှု ဖြစ်ရကြောင်း၊ လမ်းလယ်ခေါင်က ဘယ်ရီယာတုံးတွေက တဆက်တည်း ရှိမနေတာကြောင့်လည်း ယာဉ်ထိခိုက်မှုတွေ အများအပြား ဖြစ်စေကြောင်း သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် လူ ၁ သိန်းမှာ သေဆုံးသူ ၁၅ ဦးနှုန်း ရှိနေပြီး အမြန်လမ်းမှာ သေဆုံးမှု အများဆုံးဖြစ်နိုင်ကြောင်း၊ အိမ်နီးချင်း ထိုင်းနိုင်ငံက ယာဉ်အစီးရေ ၁ဝ ဆလောက် ပိုများပေမယ့် မြန်မာနိုင်ငံနဲ့ သေဆုံးနှုန်းက အတူတူနီးပါး ဖြစ်နေတယ်လို့လည်း ဦးကျော်လင်းက ဆိုပါတယ်။

လက်ရှိ အမြန်လမ်းမကြီးမှာ ဖြစ်နေတဲ့ ပြဿနာတွေကြောင့် ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်မယ့်အပြင် ယာဉ်အိုယာဉ်ဟောင်းတွေကို မောင်းနှင်ခွင့် ပိတ်ပင်လိုက်တာ၊ အရက်သောက် ထားခြင်း ရှိ မရှိကို ကိရိယာတွေနဲ့ စစ်ဆေးတာတွေနဲ့ အမြန်လမ်းပေါ်မှာ လုပ်ကိုင်နေတဲ့ အင်ဂျင်နီယာတွေကို သင်တန်းပေးတာတွေ လုပ်ဖို့အပြင် အမြန်လမ်းမကြီး ဥပဒေကို ပြဌာန်းဖို့လည်း ရှိတယ်လို့ သိရပါတယ်။

အမြန်လမ်းမကြီးပေါ်မှာ အဖြစ်များနေတဲ့ ယာဉ်မတော်တဆ ထိခိုက်မှုတွေရဲ့ အဓိက အကြောင်းအရင်းတွေက ယာဉ်မောင်းသူ အိပ်ငိုက်တာ၊ အရက်သေစာ သောက်စားပြီး မောင်းနှင်တာ၊ သတ်မှတ်ရှိန်ထက် ပိုမိုမောင်းနှင်တာနဲ့ လမ်းကြော အခြေအနေကို နားမလည်တာတွေကြောင့် အဖြစ်များနေတာလို့လည်း ဦးကျော်လင်းက ဆက်ပြောပါတယ်။

ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှာ အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေးကို တာဝန်ယူ ဆောင်ရွက်နေတဲ့ ဦးမျိုးမြင့်ကလည်း "များသောအားဖြင့်က အိပ်ငိုက်လို့ ဘီးချော်ရာကနေ ထိခိုက်မှုဖြစ်တာပါ။ လမ်းမှာ မှတ်သားပေးထားတဲ့ လိုင်းတွေရယ်၊ အရှိန်နှုန်းနဲ့ သွားမယ်ဆိုရင် ဖြစ်စရာအကြောင်းမရှိဘူး။ အဓိက အားနည်းချက်ဖြစ်နေတာက ယာဉ်မောင်းသူကြောင့်ပါ။ ကျနော်တို့ကလည်း တာဝန်ရှိပါတယ်" လို့ ဧရာဝတီကို ပြောပြပါတယ်။

လက်ရှိမှာတော့ လမ်းပေါ် ရေတင်တဲ့ကိစ္စအတွက် ရေဖောက်ထုတ်တာ လုပ်နေသလို ဘီးချော်မှုတွေ မဖြစ်အောင် Guard Rail တွေ တပ်နေကြောင်း၊ လမ်းဘေးတဖက်တချက်စီမှာ ရွာတွေထဲကနေ ဖြတ်တက်နေတဲ့ကားတွေ များတဲ့နေရာတွေနဲ့ ကျွဲ၊ နွားတွေ ဖြတ်သန်းမှုရှိနေတဲ့ နေရာတွေမှာ ခြံစည်းရိုးတွေ ကာနေကြောင်း သိရပါတယ်။

ရန်ကုန် – နေပြည်တော် အမြန်လမ်းပိုင်းကို ၂ဝဝ၅ ခုနှစ် အောက်တိုဘာ ၁ဝ ရက်မှာ စတင်ဖောက်လုပ်ပြီး ၂ဝဝ၉ ခုနှစ် မတ်လ ၃ ရက်မှာ အပြီးသတ်ကာ ၂ဝဝ၉ ခုနှစ် မတ်လ ၂၅ ရက်မှာ စတင်ဖြတ်သန်းခွင့်ပေးခဲ့ပါတယ်။ နေပြည်တော် – မန္တလေး အမြန်လမ်းပိုင်းကိုတော့ ၂ဝဝ၈ ခုနှစ် ဇူလိုင်လမှာ စတင်ဖောက်လုပ်ပြီး ၂ဝ၁၁ ဒီဇင်ဘာလမှာ အပြီးသတ်ကာ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှာ စတင်ဖြတ်သန်းခွင့်ပြုခဲ့ပါတယ်။

လက်ရှိမှာတော့ ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမကြီးမှာ တနေ့လျှင် ကားအစီးရေ ၅ဝဝဝ ကျော် ဖြတ်သန်းသွားလာနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။

ဧရာဝတီ မီဒီယာမှ ကူးယူဖော်ပြသည်။

Author

Comments